နေပြည်တော်၊ မတ် ၂၈

 

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။

 

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ မတ် ၂၇ ရက်နံနက် ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆) ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမား (စိစစ်ဆဲ) တို့က စီးပွားရေးတက္ကသိုလ်၏ အရှေ့ဘက်ကိုက် ၃၀၀ ခန့်အကွာမှ လက်လုပ်စိန်ပြောင်းဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ နှင်းဆီအဆောင် အခန်းအမှတ် (၃) လူနေအိမ် အဆောက်အဦ၏ အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ သုခမိန်လမ်းပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမားအမျိုးသား နှစ်ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ မြို့နယ်ပညာရေးမှူးရုံး အရှေ့ခြံစည်းရိုးအပြင် ပလက်ဖောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

mdn

 

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းနှင့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်