ယမန်နေ့မှအဆက်
[၉]
သူ့အမည်ကို ဦးမွန်ကြီးဟု ရေနံ့သာမှ လူအများ က ခေါ်ကြသည်။
ယင်းအမည်သည် သူ၏အမည်အစစ်အမှန်တော့ မဟုတ်။ သူ့အမည်မှန်ကို ရေနံ့သာမှ လူများမသိ ကြ။ သိနိုင်အောင်လည်း တစ်ဦးတစ်ယောက်ကမှ တကူးတက စေ့ငုခြင်းမရှိခဲ့ကြ။
သူသည် တနင်္သာရီတိုင်းမှဖြစ်လေသည်။ သထုံ ဘက်ကဖြစ်သည်။ ကြက်တူရွေးတောင်ကဆိုလား မသိ။ မွန်လူမျိုးဖြစ်သည်။
သူ၏ပေါင်တွင် မည်းမည်းမှောင်သော ဆေးမင် ကြောင်ထိုးကွင်းနှင့်။ ရင်ဘတ်၌ အရဟံ စမနှင့်။ လက်ဖျံတွင် ဂဠုန်မင်းနှင့် ပင့်ကူနှင့်။ ကျောတွင် စ၊ ဓ၊ ဗ၊ ဝနှင့် အင်းကွက်နှင့်။
သူသည် ဂင်တိုတိုဖြစ်သည်။ ပုပျပ်သောအရပ်နှင့် လိုက်ဖက်သော ကိုယ်လုံးကိုယ်ထည် ရှိသည်။ ကြွက်သားများမှာ အမြှောင်းမြှောင်း အဖုဖုထနေ သည်။ ကျစ်လျစ်မာကျောသည်။
သူ၏အသက်သည် ငါးဆယ်ကျော်ခဲ့လေပြီ။ အသက်နှင့်မလိုက်အောင် လျင်မြန်ဖျတ်လတ်ဆဲ ဖြစ်သည်။ သွက်လက်သန်မာဆဲ ဖြစ်သည်။
သူ၏မျက်နှာမှာ လေးထောင့်ကျကျဖြစ်သည်။ မေးရိုးသည် အရင်း၌ လိုသည်ထက်ပို၍တုတ်ခိုင်နေ သည်။ ဆယ်ပြားစေ့မျက်နှာဟု သူ့ကွယ်ရာ၌ အစေခံမိန်းကလေးများက ခေါ်ကြသည်။ သူ၏ နှာခေါင်းသည် အဖျား၌ကားသည်။ ပွရောင်းရောင်း ဖြစ်သည်။ သူ၏မျက်နှာ၌ အမာရွတ်များစွာရှိ သည်။ မျက်ခွံတစ်ဖက်သည် အောက်သို့ ပိတွဲကျနေ သည်။
သူသည် တစ်ချိန်က လက်ဝှေ့ကျော်ကြီးတစ်ဦး ဖြစ်လေသည်။ အသက်လေးဆယ်နီးပါးအထိ လက်ဝှေ့ထိုးနေခဲ့သေးသည်။ သူနှင့် သတ်ဖက် တစ်ဦး သူ့လက်ချက်ဖြင့် လူစဉ်မမီဖြစ်ရကတည်း က လက်ဝှေ့ကြိုးဝိုင်းကို စွန့်ခွာခဲ့သည်။ ခြံစောင့် အလုပ်ကိုလုပ်သည်။ ယင်းရာထူးဖြင့် ရေနံ့သာသို့ ရောက်လာခဲ့သည်။ ရောက်ကတည်းက ဦးမွန်ကြီး ဟု အမည်တွင်သည်။ ယင်းအမည်ကို သူကိုယ်တိုင် က နှစ်ခြိုက်ပုံမပြလှသော်လည်း သူ၏အမည် အစစ်အမှန်ကို ခေါ်ဆိုပါဟူ၍မူ မည်သည့်အခါကမှ တောင်းဆိုခြင်းမရှိခဲ့။
သူသည် ရိုးသားသူဖြစ်သည်။ တည်ငြိမ်၍ စိတ်ရှည်သည်။ စကားနည်း၍ သူတစ်ပါးကိစ္စများ၌ စပ်စုခြင်းကင်းသည်။
ဦးမွန်ကြီးသည် ရေနံ့သာ၌ စိတ်အချရဆုံး၊ အယုံ ကြည်ရဆုံး အမှုထမ်းတစ်ဦးဖြစ်လေသည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီးအဖို့ ဦးမွန်ကြီးကို ငှား၍ ရသောအခါ ရေနံချောင်းရှိ ရေနံ့သာအိမ်မှ လူယုံ ဦးထွန်ခင်ကို သတိရဖွယ်ဖြစ်လာသည်။ ဦးထွန်းခင် သည် စစ်ပြေးရင်း ပုပ္ပား၌ဆုံးရှာသည်။
ဦးထွန်းခင်သည် ဦးမွန်ကြီးထက်ပင် သစ္စာကြီး ရုံမျှမက အိမ်မှုကိစ္စအဝဝကိုလည်း တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် အသုံးချ၍ရသည်။ ခြံစောင့် အလုပ်သာမက၊ ရုံးစေရော ဒရိုင်ဘာအလုပ်ကိုပါ လုပ်ခဲ့သည်။
ဦးထွန်းခင်သေဆုံးရခြင်းမှာ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ဖခင် ဦးအောင်ခန့် သေဆုံးရခြင်းနှင့် ပတ်သက်နေသည်။ ဦးအောင်ခန့် ဂျပန်များအဖမ်း ခံခဲ့ရသည်။ ဦးထွန်းခင်ကို ညှာခဲ့ခြင်းဖြစ်သည်။ ကင်ပေတိုင်အချုပ်ခန်းတွင် ဦးအောင်ခန့် ဆုံးပါးခဲ့ သည်။ ယင်းအဖြစ်နှင့်စပ်လျဉ်း၍ ဦးထွန်းခင်သည် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်အောင် ရှိခဲ့သည်။ ဦးအောင်ခန့်သေဆုံးရခြင်းမှာ သူ့ပယောဂမကင်းဟု ထင်သည်။ ထိုအဖြစ်အတွက် ထာဝစဉ် စိတ်မကောင်း ဖြစ်နေခဲ့သည်။ အများက ဝိုင်းဝန်းဖျောင်းဖျသည့်တိုင် သူ့မှာ ဖြေ၍မပြေနိုင်ခဲ့။ ယင်းဝေဒနာဖြင့်ပင် ဦးထွန်း ခင်ဆုံးပါးခဲ့ရခြင်း ဖြစ်လေသည်။
ဦးထွန်းခင်လို ယုံကြည်စိတ်ချရသူမျိုး နောက်ထပ် မရနိုင်တော့ထင်ဆဲ ရေနံ့သာသို့ ဦးမွန်ကြီးရောက်လာ သည်။ ဦးထွန်းခင်လိုမဟုတ်ပေမဲ့ ဦးထွန်းခင်နီးပါး စိတ်ချရသူတစ်ဦးဖြစ်သည်။
သည်ကနေ့ ဦးမွန်ကြီးကိုကြည့်ရသည်မှာ ဂနာ မငြိမ်လှ။ သူသည် တစ်စုံတစ်ခုကို ပြောလိုဟန်ရှိသည်။ ယင်းစကားမှာလည်း ဒေါ်ရေနံ့သာခင်ခင်ကြီးကလွဲ၍ အခြားသူကို မပြောလိုသောစကားမျိုး ဖြစ်ပုံရသည်။
အခါတိုင်းကဆိုလျှင် နံနက်ခြောက်နာရီခွဲ နေ အထွက် ရေနံ့သာရှိ ပြတင်းပေါက်တို့အဖွင့်တွင် ဦးမွန်ကြီး၏ဝတ္တရား ကုန်ဆုံးသည်။ သူ့အတွက် သီးသန့်ရထားသောတန်းလျားသို့ ပြန်၍ အိပ်စက် လေ့ရှိသည်။
သည်ကနေ့တွင်မူ ဦးမွန်ကြီး ခုနစ်နာရီထိုးခါနီး အထိ သူ့တန်းလျားသို့ မပြန်ဖြစ်သေး။ အိမ်ဆင်ဝင် အောက်မှ ဖြတ်လျှောက်ရင်း ဧည့်ခန်းသို့ မသိမသာ လှမ်းလှမ်းကြည့်တတ်သည်။ ဧည့်ခန်းတွင် ဒေါ်ရေနံ့သာခင်ခင်ကြီး ရှိ၊ မရှိ စူးစမ်းသည်။
ညက တွေးရင်းတောရင်းဖြင့် အတော်ညဉ့်နက်လေ မှ အိပ်ပျော်ခဲ့သော ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ခုနစ်နာရီထိုးခါနီးမှပင် အိပ်ရာမှနိုးလာသည်။ ရေချိုး ခြင်း၊ အဝတ်လဲခြင်းဖြင့် ခုနစ်နာရီထိုးခဲ့သည်။ ထို့နောက် ဧည့်ခန်းသို့မလာဖြစ်သေးဘဲ ထမင်းစား ခန်းသို့ဝင်ကာ ကော်ဖီသောက်သည်။
အိပ်ရေးပျက်ခြင်းသာမက စိတ်တွင်လည်း တစ်စုံ တစ်ရာအတွက် စနိုးစနောင့်ခံစားနေရသလိုရှိသော ဦးမွန်ကြီးသည် ဒေါ်ရေနံ့သာခင်ခင်ကြီးဧည့်ခန်းသို့ ရောက်လာသည်အထိ မစောင့်နိုင်တော့၊ စင်စစ်တွင် လည်း ဒေါ်ရေနံ့သာခင်ခင်ကြီးအား ခင်ခင်ကြီးဟု ပိုင်စိုးပိုင်နင်းခေါ်သူ၊ အနှောင့်အသွားမလွတ်သော စကားအချို့ကိုပြောခဲ့သူ၊ အမူအကျင့်ရော ရုပ်သွင်ပါ ထူးခြားသူနှင့်စပ်လျဉ်း၍ ဦးမွန်ကြီးမှာ ဘဝင်မကျ နိုင်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဆန်းကြယ်စွာနေထိုင်မှု၊ ယခုတစ်ခါ နန်းကိန္နရီဆိုသော အငြိမ့်မင်းသမီး ကလေးကို အိမ်ပေါ်ခေါ်တင်ကာ မွေးစားမှု၊ အစက အပျိုကြီးဟုထင်ထားရာမှ ယခုအခါ ယောက်ျားရဖူး သည်။ ကလေးရဖူးသည် စသော စကားများကို အစေခံ များ ဝေဖန်ပြောဆိုမှုစသော သူ့နေနှင့် တစ်စွန်းတစ်စ နားလည်ရခြင်းများအတွက်လည်း ဦးမွန်ကြီးစိတ်မှာ စနိုးစနောင့်ရှိခဲ့ရပြန်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးတွင် လျှို့ဝှက်ဆောင်ရွက် ဖွယ်ကိစ္စရပ်များ ရှိလေသလား၊ ယင်းသို့ဆောင်ရွက်ရာ ၌ မောင်မောင်ဦးဆိုသူ၏အခန်းကဏ္ဍများ ပါဝင်နေ လေမလား စသည်ဖြင့်လည်း ဦးမွန်ကြီး စဉ်းစားသည်။
ထို့ကြောင့်ပင် နေ့လယ် သို့မဟုတ် ညနေတွင် ပြန်လည်ဆုံစည်းနိုင်ရန် အခွင့်အရေးရှိပါလျက် ထို အချိန်သို့တိုင်အောင် ဦးမွန်ကြီးမစောင့်နိုင်။ နောက်ဖေး ပေါက်မှဝင်ကာ ထမင်းစားခန်းသို့ လာခဲ့သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး ထိုင်နေရာစားပွဲသို့ ရိုကျိုး သောအမူအရာဖြင့် တိုးလာခဲ့သည်။
ဦးမွန်ကြီးကိုမြင်ရသည်ဆိုလျှင်ပင် သူ့တွင် တစ်စုံ တစ်ရာ ပြောရန်ရှိကြောင်း ဒေါ်ရေနံ့သာခင်ခင်ကြီး အကဲခတ်နိုင်စွမ်းရှိဟန်တူသည်။
“ကဲ၊ ဦးမွန်ကြီး ဘာကိစ္စ”
ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ အသံထွက်လာသည်။
ဦးမွန်ကြီးသည် စကားကို အလျင်စလိုပြောချင် နေသော်လည်း ဘေးဘီကို ကြည့်သေးသည်။ တစ်ပါးသူတို့မကြားစေရန် စားပွဲအနီးသို့ ပို၍ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
“ဒီလိုခင်ဗျ။ ညတစ်နာရီလောက်မှာ လူတစ်ယောက် ခြံဝကိုရောက်လာတယ်”
သူ၏နိဒါန်းစကားကို ဒေါ်ရေနံ့သာခင်ခင်ကြီးက မည်သို့မျှမထူးခြားသလို နားထောင်နေသည်။ သူသည် ညကအဖြစ်အပျက်နှင့် စကားများကို ပြန်ပြောင်းပြောပြရသည်။ ထိုအခါ တစ်စထက် တစ်စ စိတ်ဝင်စားလာသလိုရှိသည်။
“အဲ၊ အဆုံးမှာတော့ သူက သူလာသွားတဲ့ အကြောင်း ပြောလိုက်ပါဆိုပြီး ပြန်သွားတာပဲ”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မျက်မှောင်ကြုတ် ရင်း မည်သူဖြစ်နိုင်မည်နည်းဟု စဉ်းစားသည်။ စဉ်းစား၍ မပေါ်နိုင်တော့မှ မေးသည်။
“သူဆိုတာ ဘယ်သူတဲ့လဲဟင်”
“မောင်မောင်ဦးတဲ့”
“ဟင်၊ မောင်မောင်ဦး”
ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ကိုယ်မှာ ဆတ်ခနဲ တွန့်သွားသည်။ ထိုင်ရာမှ ရုတ်တရက် ထရပ်မိတော့ မလိုရှိသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏မျက်နှာမှ အပြောင်း အလွဲများစွာကို ဦးမွန်ကြီး မြင်ရသည်။ သူ၏ မျက်ဝန်းမှာ ရုတ်တရက် ပြူးကျယ်သွားသည်။ မျက်နှာမှာ ဖြူဖျော့သွားသလိုရှိသည်။ အလွန်တရာ အံ့သြတုန်လှုပ်သွားသည့်ပမာ ဖြစ်သည်။ တုန်လှုပ်ရ သည်မှာ တစ္ဆေသရဲတစ်ကောင်၏အကြောင်းကို ကြားလိုက်ရသည့်နှယ်ပါပင်တည်း။
မိမိတွေးထင်ခဲ့သလိုဖြစ်ခဲ့လေပြီဟု ဦးမွန်ကြီး ထင်သည်။ ဒါကြောင့် စိတ်မှာ စနိုးစနောင့်ရှိရပေ တာပဲဟု တွေးသည်။ သူ့အနေနှင့် တာဝန်ကျေခဲ့ပြီ ဟု မှတ်ထင်သည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ပျက်ယွင်းသွား သောဣန္ဒြေကို ပြန်လည်ထိန်းချုပ်သည်။
“ကျေးဇူးပဲ ဦးမွန်ကြီး၊ ကဲ သွားနိုင်ပါပြီ”
ဆိုသည်။
ဦးမွန်ကြီးသည် ဝင်လာစဉ်ကလို ရိုကျိုးသော အမူအရာဖြင့် ထမင်စားခန်းမှ ပြန်လည်ထွက်ခွာ သွားသည်။
သို့နှယ်ဖြင့် တစ္ဆေသည် ထိုနေ့က ရေနံ့သာကို လည်းကောင်း၊ ဒေါ်ရေနံ့သာခင်ခင်ကြီးကို လည်း ကောင်း ခြောက်လှန့်လေသည်။ ယင်းတစ္ဆေကား အခြားသော နာနာဘာဝ တစ္ဆေအမျိုးအစားမဟုတ်။ စိတ်ကိုမှီ၍ဖြစ်သော အတိတ်တစ္ဆေတည်း။
ထိုနေ့က ဒေါ်ရေနံ့သာခင်ခင်ကြီး၏စိတ်မှာ ယောက်ယက်ခတ်ရသည်။ လူကိုယ်တိုင်လည်း အငြိမ်မနေနိုင်။ အိမ်အတွင်း ထိုင်ချည်၊ ထချည်၊ သွားချည်၊ လာချည်နှင့် မငြိမ်မသက် ဖြစ်နေရသည်။
သူ ဘယ်ပုံဘယ်နည်းဖြင့် ရေနံ့သာသို့ ရောက် လာရပါလိမ့်။ သူ့အား ဘယ်သူကများ လမ်းညွှန် လိုက်ပါလိမ့်။ သူနှင့် နန်းကိန္နရီတို့ ဆက်စပ်မှုရှိခဲ့လေ သလား။ နန်းကိန္နရီကို မိမိတို့ရင်သွေးဟု သူသိနေ လေသလား။ နန်းကိန္နရီကို မွေးစားလိုက်ခြင်းဖြင့် သူဘယ်လိုများ ဆက်စပ်ချင်ပါလိမ့်။ သူ့မှာ အဘယ် သို့သောအကြံအစည်မျိုး ရှိနေပါလိမ့်။
ဘယ်လိုရေစက်မျိုးပါလိမ့်ကွယ်။ သူနှင့်ပတ် သက်လာလျှင် ရင်မောစရာချည်း ပါပဲကလား။ တွေ့စမှသည် ယနေ့အထိ တစ်ခါမှအဆင်မပြေပါ ကလား။ သူသည် ပူလောင်ပြင်းပြရခြင်းကိုသာ အစဉ်ဖန်တီးတတ်သူပါကလား။
သက်ပြင်းအကြိမ်ကြိမ် ရှိုက်ရသည်။ သက်မ အတန်တန်ချရသည်။
နောက်တော့ စိတ်ကို မည်သို့မျှငြိမ်ငြိမ်မထားနိုင် ဘဲ အငြိမ့်ထောင်ဆရာ ဦးမြတ်စံအိမ်သို့ဒေါ်ရေနံ့သာ ခင်ခင်ကြီး ရောက်လာခဲ့ရလေသည်။
အငြိမ့်ထောင်ဆရာ၏အိမ်မှာ လူသူများပြားနေ သည်။ ဆိုင်းသံ ဗုံသံများကို အဝေးမှပင် ကြားနေရ သည်။ မြလွှာရုံအငြိမ့်အတွက် အပူတပြင်း ဇာတ်တိုက်နေကြောင်း တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။


