ဆောင်းပါး - တင်ထက်ထက်ဇော်
ကမ္ဘာပေါ်တွင် ဆန်ကို အဓိကထား၍ စားသုံး သောနိုင်ငံများနှင့် ဂျုံကိုဦးစားပေး၍ စားသုံးသော နိုင်ငံများဟူ၍ အသီးသီးကွဲပြားခြားနားမှုရှိနေ သော်လည်း ကော်ဖီသောက်သုံးခြင်းကိုမူ နိုင်ငံ၊ လူမျိုး၊ အသက်အရွယ်၊ အချိန်နေရာမရွေး ကွဲပြား မှုမရှိ စွဲလမ်းစွာ သောက်သုံးကြသည်။ ကော်ဖီ သောက်သုံးမှု စစ်တမ်းဖော်ပြချက်များအရ လူတစ် ဦးသည် တစ်နေ့လျှင် ပျမ်းမျှ ကော်ဖီနှစ်ခွက်မှ လေးခွက်အထိဖြစ်ပြီး အသက် (၁၅) နှစ်မှ အသက် (၅၀) အရွယ်ကြားရှိသူများ အများဆုံးသောက်သုံး ကြသည်။ ထို့ကြောင့်လည်း ၁၅ ရာစုတွင် တောင် အာရှဒေသ၌ ကော်ဖီစိုက်ပျိုးသောက်သုံးမှု စတင်ခဲ့ ကြရာမှ ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ၃ ဒသမ ၅ ရာခိုင်နှုန်း နှစ်စဉ် တိုးမြှင့် စိုက်ပျိုးမည်ဖြစ်ကြောင်း ကော်ဖီပညာရှင်များက ခန့်မှန်းနေကြသည်။
ဈေးကွက်ဝင် မြန်မာ့ကော်ဖီ
မြန်မာနိုင်ငံတွင် ကော်ဖီပင်များကို ၁၉ ရာစု နှောင်းပိုင်မှစ၍ စိုက်ပျိုးခဲ့ကြကြောင်း လေ့လာ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့်ဖြစ်လာသည့် အာရေ ဘီကာနှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကထား စိုက်ပျိုးကြသည်။ ယခုအခါ ကော်ဖီစိုက်ဧကပေါင်း လေးသောင်းခန့်ရှိကာ အာရေဘီကာကော်ဖီ အမျိုးအစားကို ၇၀ ရာခိုင်နှုန်း စိုက်ပျိုးထားပြီး ရိုဘတ်စတာကို ၃၀ ရာခိုင်နှုန်း စိုက်ပျိုးထား ကြောင်း သိရသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက အမြောက်အမြားရှိကာ ဈေးကွက်အတွင်း နာမည် ရရှိပြီးဖြစ်သည်။ ယခုနှစ်ထွက်ရှိလာမည့် ကော်ဖီ များကို အမေရိကား၊ နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မည်ဖြစ်သည်။ တရုတ် နှင့် ဘရာဇီးနိုင်ငံတို့တွင် မုန်တိုင်းဖြစ်ပွားခဲ့ခြင်း ကြောင့် ကော်ဖီစိုက်ခင်းများ ပျက်စီးခဲ့ရပြီး ယင်း အကြောင်းအချက်များကြောင့် မြန်မာ့ကော်ဖီ ဈေးနှုန်းမှာ သုံးနှစ်နီးပါးခန့် ကောင်းမွန်နိုင်ကြောင်း မျှော်မှန်းထားကြသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီကို ပြည်ပ နိုင်ငံများက ကြိုက်နှစ်သက်မှုရှိနေပြီး ယခုရက်ပိုင်း အတွင်း မှာယူမှုများရှိနေကြောင်း၊ လက်ရှိကာလ တွင် ကော်ဖီစတင်ထွက်ရှိနေပြီဖြစ်သည့်အပြင် အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်နေသည့် အတွက် ပြည်ပသို့ ပိုမိုတင်ပို့ရန် ကမ်းလှမ်းလာကြ ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ကော်ဖီ မက်ထရစ်တန်ချိန် တစ်တန်လျှင် ငွေကျပ် သိန်း ၄၀ မှ ၅၀ ကြားဈေးရရှိပြီး ပြည်ပဝယ်ယူမှု အခြေ အနေပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်တတ်ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံများ အပါအဝင် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ပြည်ပဈေးကွက်သို့ တင်ပို့ရာ၌ လိုအပ်သည့် လုပ်ထုံးလုပ်နည်းအပိုင်းဖြင့် ပြင်ဆင်မှုများကို လည်း လုပ်ငန်းရှင်များက လုပ်ဆောင်နေကြ ကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ရှမ်းပြည်နယ်ဇုန်မှ သိရသည်။
ဆေးဖက်ဝင် ကော်ဖီ
နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထား မက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင် လည်း ကော်ဖီသောက်သုံးသည့် အလေ့အထ ရှိနေ ကြသည်။ Aroma မျိုးနွယ်ဝင်ဖြစ်သည့် အပင်မှ ရရှိ၍ ကော်ဖီက ကျန်းမာရေးအကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေးသုတေသီများ၏ မှတ်တမ်းတချို့ကို အောက်ပါအတိုင်း လေ့လာသိရှိရသည်။
• ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက် ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ခေါ် ) antioxi-dant အာဟာရဓာတ်သတ္တုများစွာ ပါဝင် နေသည်။
• ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီပေးနိုင်သည်။
• အသည်းကို အားကောင်းလာစေသည်။
• ပါကင်ဆန် (ခေါ် ) အသက်ကြီး၍ ခြေတုန် လက်တုန်ရောဂါများနှင့် အယ်လ်ဇိုင်းမား (ခေါ် ) ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် အသက် (၆၅) နှစ်အထက် သက်ကြီးပိုင်း များကို ကဖိန်းဓာတ်နည်းသော ကော်ဖီ ပျော့ပျော့ နေ့စဉ်တိုက်ကျွေးသင့်ကြောင်း the University of South Florida နှင့် the University of Miami တို့မှ သုတေသီများက အကြံပြုထားကြသည်။
• အချိုမပါသောကော်ဖီ တစ်နေ့ နှစ်ခွက် ပုံမှန် သောက်ခြင်းက ဆီးချိုရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချပေး ကြောင်း The American Chemical Society က အကြံပြုထားသည်။
• အမျိုးသား အမျိုးသမီးဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ်နှစ်ဆယ်ကြာ သုတေသနပြုပြီးနောက် ကော်ဖီက အရေပြားကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လွန်စွာနည်းပါးစေကြောင်း Brigham and Women’s Hospital က အကြံပြုထားသည်။
• ကော်ဖီက အရွယ်တင်နုပျိုစေသည့်အပြင် သည်းခြေအိတ် ကျောက်တည်ခြင်း၊ မကြာခဏ မျက်စိ ပုတ်ခတ်ပုတ်ခတ်လုပ်သူ များ၊ သွားပိုးစားခြင်း၊ ဂေါက် (ခေါ်) အဆစ် အမျက်ရောင်ရမ်းနာများ စသည်တို့အတွက် ဆေးဖက်ဝင်ကြောင်း ကျန်းမာရေးသုတေသီ များက ဆိုထားသည်။
• ကော်ဖီက လူ့သငံရည်(သားနံရည်)ကြော အဖွဲ့အစည်းကို အဆိပ်အတောက်ပြေ စေသည်။ အထူးသဖြင့် orange peel (ခေါ်) အရေပြား အဖုအထစ် ကြမ်းတမ်းခြင်းကို သက်သာစေနိုင်သည်။ ထို့ကြောင့် အရေပြား ရောဂါရှိသူများက ကော်ဖီမှုန့်ဖြင့် ပြုလုပ် ထားသည့် ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းများကို အသုံးပြုသင့်ကြောင်း လှပမှုဆိုင်ရာ အရေ ပြားရောဂါဗေဒ ပညာရှင်များက Beauty Mantra (ခေါ်) အမေရိကန် အလှအပဆိုင်ရာ အင်တာနက်စာမျက်ထက်တွင် အကြံပြု ထားသည်။
• ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ Imperial College London မှ စမ်းသပ် ချက်အရ အမျိုးသမီးဦးရေ ၄၅၆ဝဝဝ ကို လေ့လာခဲ့ရာ တစ်နေ့ ကော်ဖီသုံးခွက် သောက်သုံးလေ့ရှိသော အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
• ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါးသုတေသနပညာရှင် များက အသက်အရွယ်ကြီးရင့်သူ ၁၄၀၀ အား စမ်းသပ်လေ့လာခဲ့ရာ၌ မပြင်းလွန်း မပျော့လွန်း (အလယ်အလတ်စား) ကော်ဖီ သောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း တွေ့ရသည်။
ကော်ဖီနှင့် ဘေးထွက်ဆိုးကျိုး
ကော်ဖီက အထက်ပါကျန်းမာရေး အကျိုး ကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း မွေးရာပါ ကိုယ်ခံအားနည်းသူများ၊ ကဖိန်းဓာတ်နှင့် ဓာတ် မတည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံး သူများနှင့် ကော်ဖီအမှုန့်ကို မစစ်ဘဲ သောက်မိသည့် အခါ ခန္ဓာကိုယ်ကို အကျိုးယုတ်စေသည့် LDL ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံး သွေးကြောရောဂါ၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အာရုံကြောကိုနှိုးဆွ၍ အိပ်မပျော်ခြင်း၊ ကတုန် ကယင်ဖြစ်ခြင်း၊ သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းဖုံးလွှာ ထိခိုက်ခြင်း၊ သွားများညိုမည်းခြင်း စသည်တို့ ဖြစ်တတ်သည်။ ထို့ပြင် ကော်ဖီအသောက်များသော ကလေးငယ်များမှာ ခန္ဓာကိုယ်ကြီးထွားမှု နှောင့်နှေး ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ သားလျော သားပျက်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။
တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် ကျန်းမာ ရေးကောင်းမွန်သူတစ်ယောက်အတွက် ကော်ဖီကို တစ်နေ့ သုံးခွက်ထက် ပိုမသောက်သင့်ပေ။ ကော်ဖီ ကို တစ်နေ့ သုံးခွက်ထက် ပိုသောက်သူများတွင် ကျောက်ကပ်ပျက်စီး၍ ဆီးတစက်စက်ကျရောဂါ နှင့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်လာစေနိုင်သည်။ ကော်ဖီကို တစ်နေ့ လေးခွက် သောက်သုံးသူများက မျက်လုံးဖိအား မြင့်တက်လာကာ ရေတိမ်ရောဂါ ဖြစ်စေနိုင်သည်။ တစ်နေ့ ခြောက်ခွက်နှင့်အထက် သောက်သုံးသူများမှာ ဦးနှောက်ထုထည် ကျုံ့ဝင် လာပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှု ရောဂါ (Dementia) ဖြစ်စေနိုင်သည်။ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါသည်။ ထို့ပြင် ကော်ဖီကို ပါရာစီတမောလ် သို့မဟုတ် အကိုက်အခဲပျောက် ဆေးများနှင့်တွဲပြီး လုံးဝမသောက်သင့်ပေ။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူများ က ကော်ဖီကို အထူးလျှော့သောက်သင့်ပါသည်။
မှတ်ချက်
ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ သိမ်းဆည်း ခြင်းက ၎င်းကော်ဖီမှုန့်၏ သိပ်သည်းဆပုံစံ ပြောင်းလဲသွားကာ အနံ့နှင့် အရသာတို့ကို ပျက်ပြယ်သွားစေသည့်အပြင် ရေခဲသေတ္တာထဲရှိ အခြားသော အစားအသောက်များ၏ အနံ့၊ အရသာ တို့ကိုလည်း ကော်ဖီရနံ့က အဟန့်အတားဖြစ်စေ သည်။ ကော်ဖီကောင်းတစ်ခွက် ရရှိရန်အတွက် လေလုံသော ဖန်ပုလင်း သို့မဟုတ် ကြွေပုလင်း ထဲတွင် သိမ်းဆည်းထားရမည်။ လေသလပ်ခြင်းနှင့် ပူလွန်းသော နေရာများကလည်း ကော်ဖီ၏ အရသာကို ပျက်ပြယ်စေတတ်သည်။
အချုပ်အားဖြင့်ဆိုသော် ကော်ဖီကို အသက် အရွယ်အလိုက် အသင့်အတင့် ပုံမှန်သောက်သုံး ခြင်း၊ သကြား၊ နို့ဆီ စသည့် အချိုလျှော့ထည့် သောက်ခြင်းတို့က အထက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို မလွဲမသွေရရှိစေပါ သည်။ (၂၁) ရာစုတွင် အဖြစ်များသော စိတ်ကျ ရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ် ) ဦးနှောက်ဇရာကြို ရောဂါ၊ ပါကင်ဆန် (ခေါ်) ခြေတုန်လက်တုန်ရောဂါ နှင့် နာတာရှည်ဆီးချိုရောဂါ အမှတ်-၂ စသည့် ရောဂါတို့ကိုလည်း ကော်ဖီက အတိုင်းအတာတစ်ခု အထိ လျှော့ချပေးနိုင်ပါသည်။ ကော်ဖီသည် ကမ္ဘာ့ ဈေးကွက်တွင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ် သည့်အလျောက် ကော်ဖီစိုက်ပျိုးသူများအနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့် ကုန် ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင် မည်ဆိုပါက ကမ္ဘာ့အလယ်တွင် မြန်မာ့ကော်ဖီ ဈေးကွက် ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်ပါ သည်။ ယခုအခါ နိုင်ငံတော်ကလည်း ကော်ဖီ စိုက်ပျိုးရေးကို အထူးအားပေးလျက်ရှိကြောင်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း အကြံပြုတိုက်တွန်းလိုက်ရ ပါသည်။ ။


