မနီလာ ဧပြီ ၂၈

 

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများကြား နောက်လတွင် ကျင်းပမည့် အစည်းအဝေးနှင့် လွဲချော်ဖွယ်ရှိသည်။

 

အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် ဒူတာတေးက ဘိုင်ဒင်နှင့် ဆွေးနွေးဖို့ အာဆီယံအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း၊ သို့သော်လည်း အသစ် ရွေးကောက်တင်မြှောက်မည့် ဖိလစ်ပိုင်သမ္မတလည်း ရှိသေးကြောင်းနှင့် နောက်အစိုးရသစ်သည် အစည်းအဝေးတွင် သဘောတူညီချက် သို့မဟုတ် ကတိကဝတ်ပြုမှုများကို ဆွေးနွေးချင်ပုံမရှိကြောင်း ပြောကြားလိုက်သည်။

 

အသစ်ရွေးကောက်မည့် သမ္မတသစ်လည်း ရှိနေပြီဖြစ်ရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန်မှာ ကောင်းသည့်ကိစ္စ မဟုတ်ကြောင်း ဒူတာတေးက ပြောကြားလိုက်သည်။

 

ဇွန်လတွင် ခြောက်နှစ်တာ သမ္မတသက်တမ်း ကုန်ဆုံးတော့မည့် ဒူတာတေးနေရာတွင် ဆက်ခံသွားမည့် သမ္မတသစ်ကို မေ ၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသားများက ရွေးကောက်တင်မြှောက်ကြမည်ဖြစ်သည်။ ဒူတာတေးကို ၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတကို ခြောက်နှစ်သက်တမ်းသာ လုပ်ခွင့်ပြုထားသည်။

 

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအစည်းအဝေးသို့ မည်သူတက်ရောက်မည် ဆိုသည့် တရားဝင် ကြေညာချက် ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။ ။

 

အာဆီယံသည် ဘရူနိုင်း၊  ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။

 

ဆင်ဟွာ