တင်တင်ဝင်း (စာပေဗိမာန်)

 

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီး ဦးမောင်မောင်လတ် (နောင်)၊ ဆရာကြီး ဦးစိန်လှိုင် (သူရဇော်) နှင့် ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ) တို့ ချီးမြှင့်ခံခဲ့ရပါသည်။ အမျိုးသားစာပေတစ်သက်တာဆု ရရှိသူ ၃၄ ဦးတွင် ဆုရရှိခဲ့သူ အမျိုးသမီးစာရေးဆရာမ လေးဦးရှိခဲ့ပြီး ယင်းတို့မှာ ဆရာမကြီး ဒေါ်ရင်ရင် (စောမုံညင်း)၊ ဆရာမကြီး ဒေါ်ကြန် (မကြန်)၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး) နှင့် ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ) တို့ ဖြစ်ကြသည်။

 

ဆရာမကြီး ခင်ဆွေဦးနှင့် ဆရာမကြီး မစန္ဒာတို့သည် မြန်မာရသစာပေခရီး၌ ဘဝသရုပ်ဖော်ဝတ္ထု အရေးအဖွဲ့ ကျွမ်းကျင်သော ထင်ရှားကျော်ကြားသည့် ဆရာမကြီးများဖြစ်သည်။

 

လူ့သမိုင်းအစကပင် ပုံပြောခြင်းအလေ့ ထွန်းကားခဲ့ပြီး ထိုမှ ပုံဝတ္ထုများ ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ကျော် ဝတ္ထုဟူသော စာပေအသွင် ပေါ်ထွန်းခဲ့သည့်အချိန်မှသည် ယခု မျက်မှောက်ခေတ်အထိ ဝတ္ထုများကို စာဖတ် ပရိသတ်တို့ နှစ်ခြိုက်စွာဖတ်ရှုခဲ့ကြသည်။

 

မြန်မာစာပေတွင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ် စသည့် ရသစာပေပုံသဏ္ဌာန်များ၌ ဝတ္ထုသည် စာဖတ်ပရိသတ် အနှစ်သက်ဆုံးဖြစ်ပြီး စာဖတ်ပရိသတ် အပေါ်တွင် ဩဇာထက်မြက်စွာ သက်ရောက်မှု ရှိသည်။ ဝတ္ထုသည် ဘဝအတွက် ပျော်ရွှင်စရာ၊ နှစ်သိမ့်စရာ၊ စိတ်ခွန်အားမြှင့်တင်ရာ၊ အတွေ့အကြုံ သင်ခန်းစာများ ရဖွယ်ရာဟု နှစ်သက်စွဲလမ်းစွာ ခံစားဖတ်ရှုကြသည်။ အနုပညာဟူသည် ခေတ်ကို ပေါ်လွင်စွာ ထင်ဟပ်လျက် သမိုင်းရေစီးကိုလည်း မှတ်တမ်းပြုသည်။ သမိုင်းရွေ့လျားကာ ခေတ် အဆက်ဆက် ပြောင်းသွားသော်လည်း အနုပညာကမူ ဆက်လက်ရှင်သန်လျက် ကျန်ရစ်သည်ဟု ဆိုနိုင်ပါသည်။ စာပေအနုပညာတွင် ရှင်သန်ကျန်ရစ် သောလက်ရာများကို ရေးဖွဲ့သူများအားလည်း ခံစားသူပရိသတ်က အကဲခတ်မှတ်ကျောက်တင်ကြသည်။ ဆရာမ မစန္ဒာ၏ လက်ရာများမှာ ပရိသတ်၏ မှတ်ကျောက်တင်မှုကိုခံရပြီး ဖတ်ရှုသူတို့၏ ရင်တွင်းသို့ နက်ရှိုင်းစွာနစ်ဝင်ခဲ့ကာ မြန်မာစာဖတ်ပရိသတ်ကို လွှမ်းမိုးခဲ့သည်။

 

ဆရာမသည် ဟာသဉာဏ်ရွှင်၍ သရော်စာ အရေးအဖွဲ့မျိုးဖြင့် သွက်သွက်ရေးတတ်သူဖြစ်သည်။ ရေးဖွဲ့သော ဇာတ်ကောင်များ၏ စရိုက်မှာ အမြဲလှုပ်ရှားသက်ဝင်နေတတ်သည်။ ခေတ်သမိုင်း ပြောင်းလဲမှု အမျိုးမျိုးကြားထဲက လူ့ဘဝအထွေထွေ ကို ပီပြင်အောင် တင်ပြရေးဖွဲ့သည်။ ဘတ်စကား စပယ်ယာ၊ ပျံကျဈေးသည်၊ မှောင်ခိုတန်းစီသူ စသည် ဖြင့် ဘဝသရုပ်ဖော်ဝတ္ထုများကို ခေတ်နှင့်လိုက်လျော ညီထွေစွာ တွေးဆပုံဖော်သည်။ ခေတ်သရုပ်ကို သရော် သည်။ မတရားမှုကိုလည်း ဝေဖန်သည်။ အမှန်တရားကို ဖွင့်ဟသည်။ စိတ်ကောင်းစေတနာဖြင့် တည့်မတ် အကြံပြုသည်များလည်း ရှိသည်။

 

ဆရာမ၏ ဘဝနှင့်စာပေခရီး

 

ဆရာမ မစန္ဒာကို အဖ ဦးထွန်းတင် (စာရေး ဆရာကြီးမန်းတင်)၊ အမိ ဒေါ်သန်းတင်တို့က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။

 

၁၉၅၃ ခုနှစ်မှစ၍ ရန်ကုန်မြို့ မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စက်မှု တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ် တွင် ဗိသုကာဘွဲ့ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဗိသုကာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မူလဘဝရည်မှန်း ချက်မှာ ဆရာဝန်ဖြစ်ရန် ရည်မှန်းခဲ့သော်လည်း အမှတ်မမီသဖြင့် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည်။

 

၁၉၆၅ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ပါဝင်ခဲ့သော “ကျွန်မဆရာမ” ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်းများတွင် ဝတ္ထုတိုများကို ကြိုးစားရေးသား ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော “ငယ်သူမို့မသိပါ” ဝတ္ထုကိုရေးသားပြီး စာပေ လောကစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒုတိယလုံးချင်းစာအုပ် “ဂျီဟောသူ” ဝတ္ထုကို ထုတ်ဝေခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် “ကွက်လပ် ကလေး ဖြည့်ပေးပါ” နှင့် “စိမ်းရွက်သစ်တဝေဝေ” လုံးချင်းဝတ္ထုရှည်ကို ဆက်လက်ရေးသားခဲ့သည်။

 

မဂ္ဂဇင်းဝတ္ထုတို/ရှည် ပေါင်း ၂၀၀ ကျော်ကို ရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၁၃ အုပ်နှင့် ဝတ္ထုလတ် လေးပုဒ်ကိုလည်း ရေးသားခဲ့ပြီးဖြစ်ပါသည်။ မဂ္ဂဇင်း ဝတ္ထုတိုများကို စုပေါင်း၍ အမှတ်(၉) အထိ ထုတ်ဝေ ခဲ့ပြီး ဖြစ်သည်။ ရေးသားခဲ့သော ဝတ္ထုတို/ရှည် အချို့နှင့် လုံးချင်းဝတ္ထုအချို့ကို နိုင်ငံခြားဘာသာ များသို့ ပြန်ဆိုခဲ့ကြသည်။

 

ထင်ရှားသောဝတ္ထုများမှာ “ငယ်သူမို့ မသိပါ”၊ “ဂျီဟောသူ”၊ “နှင်းဆီ”၊ “ ဘဝအိပ်မက် ပန်းအိပ်မက်”၊ “အရိပ်” နှင့် “ဆဋ္ဌဂံ” တို့ ဖြစ်ကြသည်။ မဂ္ဂဇင်းများ၌ ရေးသားခဲ့သော ဝတ္ထုတို ၁၀၀ ကို စုစည်း၍ “၂၀ ရာစုဝတ္ထုတိုများ” စာအုပ်ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ လုံးချင်း ၁၃ အုပ်အနက် ၁၁ အုပ်မှာ ရုပ်ရှင်အသွင်သို့ ကူးပြောင်းခဲ့ပါသည်။ ရုပ်ရှင်အသွင်ကူးပြောင်းသော ဝတ္ထုများမှာလည်း အကယ်ဒမီဆုများ ရရှိသည်အထိ အောင်မြင်ခဲ့သည်။

 

ထုတ်ဝေခဲ့သော စာအုပ်များအနက် ၁၉၉၄ ခုနှစ် တွင် “ဘဝအိပ်မက် ပန်းအိပ်မက်” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၁၉၉၉ ခုနှစ်တွင် “ဝတ္ထုတိုများ (၃)” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်) ဆု၊ ၂၀၀၂ ခုနှစ်တွင် “ဆဋ္ဌဂံ” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၂၀၀၆ ခုနှစ်တွင် “ပန်းပွင့်ခရေနှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြင့် အမျိုးသားစာပေ (လူငယ်) ဆု၊ စုစုပေါင်း အမျိုးသားစာပေဆု လေးကြိမ် ရရှိခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကို ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

 

ခင်ပွန်းဖြစ်သူမှာ ဗိသုကာ ဦးစန်းမောင်ဖြစ်ပြီး သားသမီး နှစ်ဦး ထွန်းကားသည်။

 

စာပေလက်ရာများ

 

ဆရာမသည် ဖခင်ဖြစ်သူ စာရေးဆရာကြီး မန်းတင်ကို အားကျလျက် ဖခင်၏ခြေရာကို နင်းခဲ့သူဖြစ်ပါသည်။ ဖခင်၏ “ဆွေးပွေအင်” ဝတ္ထုလေးကို ဖတ်ရှုပြီး စာရေးခြင်းအနုပညာကို စိတ်ဝင်စားလာခဲ့သည်။ ဖခင်ဖြစ်သူက တရုတ်စာရေးဆရာကြီး ချင်ချိုယန်း၏ဝတ္ထုကို ဘာသာပြန်ချိန်၌ ဖခင်ခေါ်ပေးသမျှကို လိုက်ရေးရင်း ဝတ္ထုတစ်ပုဒ်ကို မည်သို့စသည်၊ မည်သို့ရေးရမည်ကို နားလည်သွားခဲ့သည် ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

 

၁၉၉၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိသော ဆရာမ၏ “ဘဝအိပ်မက် ပန်းအိပ်မက်” ဝတ္ထုရှည်သည် ကန်ထရိုက် တိုက်တစ်လုံးတွင် လာရောက်နေထိုင်ကြသော အိမ်ထောင်စုလေးစု၏ ဘဝဇာတ်ကြောင်းကို ခြယ်မှုန်းထားသော ဝတ္ထုဖြစ်သည်။

 

“ငွေကြေးချမ်းသာ၍ ကပ်စေးနည်းကာ သားသမီးများ ပြည်ပတွင် အခြေကျနေကြပြီး အခြားသူများကို အပေါင်းအသင်း မလုပ်လိုသော၊ ကင်ဆာရောဂါဖြင့် ဘဝနိဂုံးချုပ်ရတော့မည့် ဇာတ်ဆောင်ဦးဘပွားသည် ထိုတိုက်ရှိ အိမ်နီးချင်းမိသားစုမှ ကလေးများကို သံယောဇဉ်တွယ်ရာမှ ဘဝအမြင်ပြောင်းလာပြီး အရာရာတွင် ငွေနှင့်ဆုံးဖြတ်၍မရပုံနှင့် သေခြင်းတရားကိုပါ ရင်ဆိုင်ရဲသော စိတ်ဓာတ်ရှိလာပုံကို ဝတ္ထုရေးသူက ကျွမ်းကျင်စွာရေးဖွဲ့နိုင်သည်။ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးနှင့် ဘဝအမြင်မှန်ကန်ရေးကို နူးညံ့သိမ်မွေ့စွာ တွန်းအားပေးထားသောကြောင့် အမျိုးသား စာပေဆုချီးမြှင့်သည်” ဟု အမျိုးသားစာပေ (ဝတ္ထုရှည်)ဆု အဖွဲ့ငယ်က မှတ်ချက် ပြုထားပါသည်။

 

“ဘဝအိပ်မက် ပန်းအိပ်မက်အတွင်းက အိမ်ထောင်စုလေးစုရဲ့ စရိုက်နဲ့ ခပ်ဆင်ဆင်လူတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ အဲဒီလို မြန်မာဆန်တဲ့ လူနေမှုပတ်ဝန်းကျင်တစ်ခုကို ရေးဖွဲ့တည်ဆောက်တဲ့အခါ အဲဒီစရိုက် အသီးသီးကို ဖွဲ့စည်းပေးလိုက်ခြင်းအားဖြင့် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်နေစိတ်ထားနှင့် သဘောသဘာဝတွေကို အတန်အသင့် ပုံဖော်ပြီးသား ဖြစ်သွားမယ်လို့ ထင်ပါတယ် ...” ဟု ဘဝအိပ်မက် ပန်းအိပ်မက် စာအုပ်နှင့် စပ်လျဉ်း၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလထုတ် ကလျာမဂ္ဂဇင်းတွင် ဆရာမိုးသက်ဇော်နှင့် အင်တာဗျူးရာ၌ ဖော်ပြထားသည်။

 

ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုအဖွင့်တွင် “ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာ ဤ လောက၊ ဤသံရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသွေရင်ဆိုင်ရမည့် အရိုးစင်းဆုံးသောကိစ္စ တစ်ရပ်ဖြစ်လေသည်။ အရေးကြီးသည်ကား လူ့ကမ္ဘာ သို့ရောက်လာသော လူသားတစ်ဦးသည် သူအသက် ရှင်စဉ်ကာလတွင် ဘာတွေကိုတွေး၍ ဘယ်လိုခံယူ ကာ ဘယ်လိုပြောဆိုလှုပ်ရှားနေထိုင်သွားသည်ဟူ သောအချက်သာ ဖြစ်သည်။ လူတစ်ဦးချင်းသည် သူ၏တန်ဖိုးကို သူ၏လုပ်ရပ်ဖြင့် ဘဝဇာတ်ခုံ တွင် တင်ဆက်၍ သက်သေပြသွားကြမြဲဖြစ်လေ သည် ...” ဟု စာအုပ်၏ Message ကို မိတ်ဆက်ပေးခဲ့ပါသည်။

 

၁၉၉၉ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု ရရှိသည့် “ဝတ္ထုတိုများ(၃)” စာအုပ်သည် ဆရာမ၏ဝတ္ထုတို ၁၅ ပုဒ်ကို စုစည်း ထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ ဝတ္ထုတို များသည် အဆင့်အတန်းမြင့်သည်။ လူ့သဘာဝကို စာရေးသူက ကောင်းစွာမြင်တတ် သုံးသပ်တတ်သည်။ အရေးအသားရှင်းသည်။ လိုရင်းကို ရှင်းလင်း ပေါ်လွင်အောင် ဖော်ပြသည်။ ဝတ္ထုတိုမှန်သမျှတွင် ရသဖြင့်ထုံမွမ်းလျက် ဝတ္ထုတိုအင်္ဂါရပ်နှင့် ညီညွတ်ကိုက်ညီသည်ဟု အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု အဖွဲ့ငယ်က မှတ်ချက်ပြုထားပါသည်။

 

ယင်းဝတ္ထုတိုများတွင် “ဦးခက်၊ ဒေါ်သက်နှင့် အရပ်ထဲက လူများအကြောင်း”၊ “အဘိုးကြီး နှစ်ယောက် ရှိလေသည်”၊ “အဘွားကြီးနှစ်ယောက် ရှိလေသည်”၊ “မြန်မာအမျိုးသမီးနှစ်ယောက် ရှိလေသည်”၊ “စုန်ရေ၊ ဆန်ရေ”၊ “မန်ကျည်း ကိုးပင်”၊ “ဆဋ္ဌမမြောက်ရန်သူ” စသည်ဖြင့် ကျွန်မတို့ ပတ်ဝန်းကျင်က လူများ၊ ခံစားချက်များ၊ အဖြစ် အပျက်များကို စာနာစိတ်ဖြင့် ထပ်တူပြုခံစားရေးဖွဲ့ ထားသည့်အတွက် စာဖတ်ပရိသတ်ကလည်း နှစ်သက်ခဲ့ကြသည်။

 

၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဝတ္ထုရှည်ဆု ရရှိခဲ့သည့် ဆရာမ၏ “ဆဋ္ဌဂံ” စာအုပ်မှာ ကွဲပြားသော ဘဝ၊ ခြားနားသော စရိုက်တို့ဖြင့် မတူညီသော ပတ်ဝန်းကျင်ထဲတွင် လှုပ်ရှားနေကြသော ကိုယ်ဝန်ဆောင်အမျိုးသမီး ခြောက်ဦးတို့၏ ဘဝများကို သက်ဝင်စွာ သရုပ်ဖော်ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။ ဝတ္ထု၏အဖွင့်တွင် “ကျွန်မကို ကိုးလလွယ်ကာ ဆယ်လတွင် မွေးဖွားပေးခဲ့သော ကျေးဇူးရှင်မိခင်နှင့်တကွ အခြားအခြားသော မိခင်များအား ဤဆဋ္ဌဂံ ဝတ္ထုဖြင့် ဂုဏ်ပြုပူဇော်ပါ၏”ဟု ဝတ္ထု၏ ရည်ရွယ် ရင်းကို ရေးသားထားပါသည်။

 

၂၀၀၆ ခုနှစ်တွင် အမျိုးသားစာပေ (လူငယ် ဘာသာရပ်) ဆု ရရှိခဲ့သည့် “ပန်းပွင့်ခရေနှင့် အခြား ဝတ္ထုများ” စာအုပ်မှာ မဂ္ဂဇင်းဝတ္ထုရှည် လေးပုဒ်ကို စုစည်းထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ “ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ” စာအုပ်သည် ကလောင်လက်နက်ဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ထားပါသည်။ ဤကဲ့သို့ တိုက်ဖျက်ရာတွင် တဲ့တိုးကြီးလည်း မရေး၊ ပညာပေးသက်သက်လည်း ပုံမဖော်၊ မလျော်ကန်သည့် လူကုန်ကူးမှုအနိဋ္ဌာရုံကို ဖတ်ရှုသူက နှလုံးနာရှုတ်ချလာစေရန် အနုပညာဖြင့် သရုပ် ဖော်ပါသည်။ ယင်းသို့ စာပန်းချီခြယ်ရာတွင် အမျိုးသမီးငယ် (လူငယ်) တို့၏စရိုက်ကို စာနာဖွယ်ရာ၊ မြတ်နိုးဖွယ်ရာထား၍ အမျိုးသမီးငယ်ထု တစ်ရပ် လုံးကို သိမြင်နားလည်စေပါသည်။ လူကုန်ကူးမှု ကြောင့် နစ်မွန်းရသော ဘဝ၏ငရဲခန်းမှ ရုန်းထွက်ရေးကိုလည်း လမ်းပြထားသည်။ ထို့ပြင် လူငယ်ဟူသည် အနာဂတ်အတွက် အားသစ်၊ လူငယ်သည်ဘဝ၏ အားမာန်၊ အရာရာစွမ်းဆောင်နိုင်ပုံကိုလည်း ရေးဖွဲ့ထားသည်။ လူငယ်စိတ်ဓာတ်ကို အပြုသဘောဖြင့် ထွက်ပေါက်ပေးထားနိုင်သည်သာမက နိုင်ငံတော်၏ “လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာမူဝါဒ” ကို ဖော်ဆောင်နိုင်သဖြင့် အမျိုးသားစာပေဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေး ကော်မတီက မှတ်ချက်ပြုခဲ့ပါသည်။

 

ဆရာမ၏ “အရိပ်” ဝတ္ထုသည် စာဖတ်ပရိသတ်၏ အသည်းနှလုံးကို ဆွဲကိုင်လှုပ်သည်။ ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ် တစ်ကြိမ်၊ ရုပ်မြင်သံကြားဇာတ်လမ်း အဖြစ် နှစ်ကြိမ်ရိုက်သောအခါ၌လည်း နှစ်ကြိမ်လုံး အောင်မြင်သည်။ အမာညို၊ ကျော်ထွန်းညို၊ ညီလင်း ညို၊ ပေါက်ကျိုင်း၊ သက်သက်၊ စုလှိုင် စသည့် ဇာတ်ကောင်များနှင့်အတူ ကျွန်မတို့အားလုံး မျောပါ သွားခဲ့ကြသည်။ အရိပ်ဝတ္ထုအတွင်းမှ ဇာတ်ဆောင် မင်းသမီး ပြောသွားခဲ့သည့် “လှတဲ့နှလုံးသားက လှတယ်၊ အရုပ်ဆိုးတဲ့ နှလုံးသားက အရုပ်ဆိုးတယ်၊ သူ့နှလုံးသားရဲ့အရိပ်ဟာ သူ့ဘဝမှာ လာပြီးထင်ဟပ်တယ်လေ၊ တချို့အရိပ်တွေက သိပ်လှတယ်၊ တချို့ အရိပ်တွေကတော့ အရုပ်ဆိုးတယ်ကွယ်” ဟူသော စကားစုလေးက ဖတ်ရှုသူတိုင်း၏ရင်ထဲတွင် စွဲကျန်ရစ်ခဲ့သည်။ ဘဝတွင် လှပသည့်နှလုံးသားရှိဖို့နှင့် လှပသည့်အရိပ်များသာ ထင်ဟပ်ရန် ကြိုးစားလို သည့်လူငယ်များ တိုးပွားလာခဲ့သည်။

 

ဆရာမ၏ “တိမ်ဖုံးပါလို့ လမသာ” ဝတ္ထုကို ဒါရိုက်တာ ဦးဝင်းဖေက “ပန်းသီတဲ့ကြိုး” အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့သည်ကို မှတ်မိပါ သည်။ ပညာထူးချွန်သည့် ဆင်းရဲသားဆရာဝန် လောင်း ကိုကိုသည် မိမိဆေးရုံဝင်းအတွင်း တာဝန် ကျသည့် လက်သမားဖခင်ကို သူငယ်ချင်းများရှေ့ တွင် ရှောင်ကွင်းခဲ့မိသော်လည်း ဖခင်ဖြစ်သူက နေ့လယ်ကအဖြစ်ကို မသိယောင်ဆောင်လျက် “သား ... လာလေ ...၊ ထမင်းစားပြီးခဲ့ပြီလား သား” ဟု အိမ်အပြန် ဆီးကြိုပုံမှာ ဖတ်ရှုသူတိုင်း မျက်ရည်စို့ရသည်။ ထို့ပြင် ဇာတ်ဆောင် ခင်ဦးက “ငွေအတွက်များ ကိုကို့ကို ရောင်းစားရမှာလား၊ ကိုကိုက မုန့်ဟင်းခါးမို့လို့လား” ဟု ပြောစကားဖြင့် ရေးသားသရုပ်ဖော်မှုမှာ ထိမိလှသည်။

 

ဆရာမ မစန္ဒာ၏ စက်မှုတက္ကသိုလ် ကျောင်းသူ ဘဝအမှတ်တရရေးဖွဲ့သည့် “ဂျီဟောသူ” ဝတ္ထုကို အထူးသဖြင့် လူငယ်များ နှစ်သက်သဘောကျကြ သည်။ အဆောင်နေကျောင်းသူတို့ဘဝ၊ စွယ်တော် ရွက်ကလေးများ၊ ၁၈ ရာစုမှန်ပြောင်း၊ ကျောင်းနှစ်ပတ်လည်ပွဲ စသည့်အကြောင်းအရာတို့က စက်မှုတက္ကသိုလ်ကျောင်းသို့ တက်ရောက်နိုင်ရန် စာကြိုးစားချင်စိတ်ကို နှိုးဆွပေးခဲ့ပါသည်။ ထိုစဉ်က ဆရာမနှင့် ခေတ်ပြိုင် စက်မှုတက္ကသိုလ်ကျောင်းဆင်း စာရေးဆရာများဖြစ်ကြသည့် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာ နွမ်ဂျာသိုင်းနှင့် ဆရာမ မမြင့်ခိုင်တို့ကလည်း ရသစာပေနယ်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။

 

နိုင်ငံခြားဘာသာများသို့ ပြန်ဆိုခဲ့သောစာအုပ်များ

 

ဆရာမ ရေးသားခဲ့သည့် လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတိုအချို့ကို အင်္ဂလိပ်၊ ရုရှား၊ ဂျပန်၊ ထိုင်း၊ ဂျာမန် ဘာသာများသို့ ပြန်ဆိုခြင်းခံရသည်။ ပထမဆုံး ဘာသာပြန်ဆိုခြင်းခံရသော ဝတ္ထုမှာ “ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်” ဝတ္ထုဖြစ်ပြီး တရား ဝန်ကြီးချုပ် ဦးမြင့်သိန်းက ၁၉၆၉ ခုနှစ်တွင် “The Pauk Tree” အမည်ဖြင့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ဘာသာပြန်ဆိုခဲ့သည်။

 

အခြားစာရေးဆရာများနှင့် စုစည်းထားသည့် ဝတ္ထုတိုများကို ဘာသာပြန်ဆိုခံရသည့်အပြင် လုံးချင်းစာအုပ်များအဖြစ် “နက်ဖြန်ခါ” ဝတ္ထုနှင့် Umbrella (ထီး) ကို အင်္ဂလိပ်ဘာသာသို့၊ “ကွက်လပ် ကလေးဖြည့်ပေးပါ”နှင့် “ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ်” ဝတ္ထုတို့ကို ဂျပန်ဘာသာသို့၊ “ဘဝအိပ်မက် ပန်းအိပ်မက်” ဝတ္ထုကို ထိုင်းဘာသာနှင့် တရုတ် ဘာသာသို့ ပြန်ဆိုခဲ့ပြီး အခြားမဂ္ဂဇင်းဝတ္ထုတိုများကို လည်း ဂျပန်၊ ဂျာမန်၊ ရုရှားနှင့် အင်္ဂလိပ်ဘာသာတို့သို့ ပြန်ဆိုခဲ့သည်။ အချို့ ဝတ္ထုများကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ အင်္ဂလန်နိုင်ငံ၌ မြန်မာစာသင်ကြားသော ကျောင်းသားများကို သင်ကြားပို့ချပေးခဲ့သည်ဟု သိရပါသည်။ ဆရာမ၏ဝတ္ထုတို ၁၁ ပုဒ်ကို စုစည်း၍ “Upstream and Other Stories” အမည်ဖြင့် ဆရာ S.M နှင့် KAHEMARAT တို့ကလည်းကောင်း၊ ဆဋ္ဌမမြောက် ရန်သူနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို The Six Enimies and Other Stories အမည်ဖြင့် ဆရာမ Sixth Enemy မြနှင်းဆီက အင်္ဂလိပ်ဘာသာ သို့လည်းကောင်း ဘာသာပြန်ဆိုခဲ့သည်။

 

mdn

 

 

အနှစ်သက်ဆုံးစာအုပ်များ

 

ဆရာမ မစန္ဒာ၏ အနှစ်သက်ဆုံးစာအုပ်များမှာ ဆရာတော်ဦးဇောတိက၏ “အရှုပ်ထဲမှာ ရှင်းအောင်နေ”၊ နန္ဒ၏ “ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီ”၊ ရန်ကုန်ဘဆွေ၏ “မြန်မာပြည်သား”၊ ရွှေဥဒေါင်း၏ “စုံထောက်ဦးစံရှား”၊ ဆရာဇော်ဂျီ၏ “ဇော်ဂျီကဗျာ ပေါင်းချုပ်”၊ မန်းတင်၏ “မြို့ပိုင်မောင်ပြုံးချို”၊ ကြယ်နီ၏ “ကိုတံငါ”၊ ဂျာနယ်ကျော်မမလေး၏ “မုန်း၍မဟူ”၊ မြသန်းတင့်၏ “လေရူးသုန်သုန်”၊ ဒေါက်တာမတင်ဝင်း၏ “ကုန်းဘောင်ကိုဆန်၍” စာအုပ်များ ဖြစ်ကြသည်ဟု ဆရာမ၏အင်တာဗျူး တစ်ခုတွင် ဖော်ပြထားပါသည်။

 

စာပေဆိုင်ရာ ခံယူချက် တစ်စိတ်တစ်ဒေသ

 

ဆရာမ၏စာပေခံယူချက် တစ်စိတ်တစ်ဒေသကို အင်တာဗျူးတစ်ခုတွင်… “နာမည်ကြီးချင်လို့ဖြစ်စေ၊ ငွေလိုချင်လို့ဖြစ်စေ အဲဒီအကြောင်းနှစ်ချက်ကြောင့်တော့ ကျွန်မစာကို မရေးပါဘူး။ ကျွန်မ ယုံကြည်တာကို ကျွန်မ ခံစားရတဲ့အတိုင်းပဲ မှန်တယ်လို့ထင်တဲ့ ရှုထောင့်မှာရပ်တည်ပြီး ရေးပါတယ်။

 

“အဲဒီလိုရေးခဲ့တဲ့အတွက် လက်ခုပ်ဩဘာသံတွေကို အများကြီးကြားဖူးပါတယ်။ ကဲ့ရဲ့ပြစ်တင်သံတွေကိုလည်း ကြားခဲ့ဖူးပါတယ်။ အတွေးချင်း အမြင်ချင်း မတူရကောင်းလားရယ်လို့ အနုပညာသမားအချင်းချင်း အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာကိုလည်း ခံခဲ့ရဖူးပါတယ်။ ကျွန်မဟာ ပုထုဇဉ် တစ်ယောက်မို့ ခံခဲ့ရတာကို တုန်လှုပ်မိတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်မမယုံကြည်တာကို လက်ခုပ်ဩဘာသံကြားချင်လို့ ဟန်ဆောင်ခံစားပြီး မရေးဖူးသလို ယုံကြည်တဲ့ အချက်ကိုလည်း ကဲ့ရဲ့ပြစ်တင် ဝေဖန်ခံရမှာစိုးလို့ဆိုပြီး မရေးဘဲမနေခဲ့ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက်ကောင်းတယ်။ မှန်တယ် လို့ ယုံကြည်တဲ့လမ်းပေါ်မှာ ကျွန်မတစ်ယောက်တည်း ပဲဖြစ်ပါစေ ဆက်ပြီးလျှောက်မှာပါပဲ” ဟု ထုတ်ဖော် ပြောကြားခဲ့ပါသည်။

 

ထို့ပြင် ဝတ္ထုရေးသားဖွဲ့ဆိုမှုနှင့် စပ်လျဉ်း၍ ... “ဝတ္ထုဟူသည်မှာ မိမိ၏အတွေးအာရုံ၊ မိမိ၏ခံယူချက်၊ မိမိ၏ရင်ထဲမှာရှိနေသော ခံစားမှုတို့ကို စာဖတ်သူအား ပြောပြခြင်းဖြစ်သည်” ဟု ကျွန်မ ယူဆပါသည်။ မိမိ၏ ဇာတ်ဆောင်များ သဘာဝကျကျ ရှင်သန်လှုပ်ရှားပြီး စာဖတ်သူ၏ ရင်ထဲသို့ စီးမျောရောက်သွားရန် အားထုတ်ရပါသည်။

 

“ငယ်စဉ်က ငယ်စိတ်နှင့် ခပ်ပျော်ပျော်ရေးခဲ့သည်များ ရှိသော်လည်း သက်ကြီးပိုင်းသို့ ရောက်လာသောအခါ စိတ်တွေလည်း ငြိမ်လာပါသည်။ ထို့ကြောင့် စာရေးရာတွင် စာဖတ်သူ၏ရင်ထဲတွင် တစ်စုံတစ်ရာ ကျန်ရစ်ခဲ့အောင် အချိန်ပေးပြီး ဖတ်ရကျိုးနပ်အောင် တတ်နိုင်သမျှကြိုးစားပါသည်” ဟု ဆိုခဲ့ပါသည်။

 

ဆရာမ၏ စာပေလက်ရာများအပေါ် သုံးသပ်ချက်များ

 

ဆရာကြီးမင်းယုဝေက “မစန္ဒာ၏ဝတ္ထုတိုများတွင်ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဉ် အချစ်ဝတ္ထုမျိုး မဟုတ်သည့်အပြင် ဘဝသရုပ် ဖော်၊ ခေတ်သရုပ်ဖော်၊ မေတ္တာသရုပ်ဖော် ဝတ္ထုများ ဖြစ်သောကြောင့် ထူးခြားကြောင်း၊ မစန္ဒာသည် ဝတ္ထုရေးအတတ်ပညာ၌ ထူးချွန်ကြောင်း” မှတ်ချက် ပြုခဲ့သည်။

 

ဆရာဝင်းငြိမ်းကလည်း “မစန္ဒာသည် စာအရေးအသားကောင်းသည်။ စာဖတ်သူကို စိတ်ဓာတ်မကျစေရန် ခေတ်အခြေအနေကို ပေါ်လွင်အောင် ဟာသကလေးဖြင့် ရေးတတ်သည်။ ဆရာမ၏ဝတ္ထုများတွင် ရိုးသားမှုကိုတွေ့နိုင်ပြီး လူအချင်းချင်း ဆက်ဆံရေး၊ စကားအချီအချ၊ စရိုက် စသည့်အချက်အလက်များကို သိမ်မွေ့စွာတင်ပြနိုင်သည်” ဟု ဝေဖန်ခဲ့ပါသည်။

 

စာရေးဆရာ သုမောင်က “သူ၏ အကြိုက်နှစ်သက်ဆုံးဝတ္ထုများတွင် မစန္ဒာ၏ ‘မဂ္ဂဇင်းဝတ္ထု ရှည်များ’ စာအုပ်ပါဝင်သည်။ စာရေးသူသည် အမျိုးသမီးဖြစ်ပါလျက် ဖိုမဝါဒဘက်လိုက်မှုမရှိခြင်း၊ ဇာတ်ကောင်စရိုက်ကို ဖော်ကျူးရာ၌ တကယ့်အရှိ လူသားများ၏ စိတ်သဏ္ဌာန်များ အလိုလိုပေါ်လွင်ခြင်း၊ ဖတ်သူကိုယ်တိုင် ကြုံတွေ့ဖူးသော ဖြစ်ရပ်များ၊ အတွင်းစိတ်များကို ရေးသူက သိနှင့်ပြီးနေသလောက် ထင်ရခြင်းတို့ကြောင့် ထိုစာအုပ်ကို နှစ်သက်ရခြင်းဖြစ်သည်” ဟု ရေးသားခဲ့သည်။

 

ဆက်လက်ဖော်ပြပါမည်။