သြဂုတ် ၅

 

ပညာတတ်ပေါများသောနိုင်ငံသည် ဧကန်မုချဖွံ့ဖြိုးတိုးတက်နေပြီး ပညာတတ် နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု  နိမ့်ကျနေမည်ဖြစ်သည်ကို  ကမ္ဘာပေါ်ရှိ နိုင်ငံများကို လေ့လာကြည့်လျှင် သိရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေး ကို အထူးဦးစားပေးဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးဖြင့်ပညာတတ် ပေါများရေးတွင် အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေ တစ်ဝက်ခန့်သည် အခြေခံပညာအလယ်တန်းအဆင့်နှင့်အောက်တွင်သာ ရှိနေ သည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။

 

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပညာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ပညာရေးသာမက ကဏ္ဍအသီးသီး တိုးတက်လာစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂)တွင်  ပညာရေး  ကောင်းချင်ရင်၊ ပညာရေးနဲ့ပတ်သက်ရင် ပညာရေးတစ်ခုတည်း ကျွန်တော်တို့  အစိုးရ အားထည့်နေလို့မရဘူး။ ပြည်သူအားလုံးရဲ့ လူမှုဘဝစီးပွားကို တက်အောင် လုပ်ပေးမှရမယ်။ အဲဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် အတူတူပဲ။ တလည်လည်နဲ့ပဲ  ဖြစ်နေမှာ ဖြစ်တယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့မဆိုင်ဘူး။ အားလုံးက ဆိုင်ပါတယ်ဟု ပြောကြားခဲ့သည်။

 

ကလေးသူငယ်တစ်ယောက် လူလားမြောက်၍  ပညာကို  ပြီးဆုံးအောင် သင်ကြားနိုင်ရေးသည်  မိဘအုပ်ထိန်းသူမိသားစု၏  လူမှုဘဝနှင့်   စီးပွားရေး အခြေအနေပေါ်တွင် များစွာမူတည်ပေသည်။ မိဘတိုင်းသည် မိမိတို့၏ရင်သွေးငယ် များအား ပညာတတ်မြောက်ရေးကို လိုလားကြသော်လည်း အကြောင်းအမျိုးမျိုးဖြင့်  ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားပေးနိုင်ခြင်းမရှိပေ။ အချို့သည် မူလတန်း ဖြင့် အဆုံးသတ်ခဲ့ကြပြီး အချို့သည် အလယ်တန်းအဆင့်ဖြင့် ပြီးဆုံးသွားခဲ့ကြသည်။ အဓိကမှာ ဆင်းရဲနွမ်းပါးခြင်းကြောင့်ဖြစ်ပြီး ပညာကိုပြီးဆုံးအောင် သင်ကြားပေး နိုင်ခြင်းမရှိဘဲ၊ အရွယ်မရောက်သေးဘဲ အလုပ်လုပ်ကြရသည့် ကလေးလုပ်သားများ ဖြစ်သွားကြသည်။ နိုင်ငံတော်က အခမဲ့မသင်မနေရ ပညာရေးကို ဖန်တီးပေးထား၍ ကျောင်းနေလိုသော်လည်း စီးပွားရေးအခြေအနေအရ ပညာရေးကို  မျက်ကွယ် ပြုနေရသည်။

 

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး  ကျောင်းများ   မဖွင့်လှစ် နိုင်အောင် အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကို ဖယ်ရှား ကာ တစ်နိုင်ငံလုံး ကျောင်းများဖွင့်လှစ်ပေးခဲ့သည်။  ယခုနှစ်  ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၉ ဒသမ ၅ သန်းခန့် ကျောင်းတက်ရန် ခန့်မှန်းထားပြီး နောက်ဆုံးအခြေအနေတွင် ၇ ဒသမ ၂ သန်းကျော် ပညာသင်ကြား ကြသည်ကို တွေ့ရသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့်နှိုင်းစာလျှင် များစွာ တိုးတက်လာရာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

 

တစ်ဆက်တည်းတွင်  ပညာကို  စဉ်ဆက်မပြတ်  သင်ကြားနိုင်ရန်အတွက် ပြည်သူများ၏ လူမှုစီးပွားအဆင်ပြေရေးကို ဖော်ဆောင်ပေးပြီး  အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာအောင် ဖန်တီးပေးလျက်ရှိသည်။  မြန်မာနိုင်ငံရှိ အခြေခံလူတန်းစား အများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်စီးပွားရေးကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။ ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများအား အဓိကလုပ်ကိုင်ကြသဖြင့် ပထမဦးစားပေးအနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ဒုတိယဦးစားပေးအနေဖြင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည်ကုစားနိုင်ရန် ငွေကျပ်ဘီလီယံ  ၄၀၀ မတည်၍ အကောင်အထည်ဖော်ပေးခဲ့ရာ  လုပ်ငန်းအများစုမှာ ပြန်လည် လည်ပတ်နေပြီဖြစ်သည်။

 

စိုက်ပျိုးရေးနှင့်   မွေးမြူရေးကိုအခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများသည် အများနှင့်သက်ဆိုင်သည့်လုပ်ငန်းများဖြစ်၍  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူအများစု အကျိုးရှိမည်ဖြစ်သည်။ အဆိုပါလုပ်ငန်း များ အောင်မြင်လာပါက ကုန်ထုတ်လုပ်မှုအပေါ်အခြေခံသည့် စီးပွားရေးခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတွင် ပညာကို ပြီးဆုံးအောင် သင်ကြားသူများ၊ ပညာတတ်များပေါများမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ  မြင့်မား တိုးတက်လာအောင်  ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပညာတတ်သူများ ပေါများလာရေးသည် လူမှုစီးပွားဘဝမြင့်မား တိုးတက်မှုအပေါ်တွင် အခြေခံသဖြင့် ပညာရေးကဏ္ဍကို  မြှင့်တင်အားပေးနေမှု နှင့်အတူ ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  အားလုံးတက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။        ။

 

ကြေးမုံ