မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိသော (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်ကို မြန်မာနိုင်ငံက လက်မခံဘဲ ပယ်ချလိုက်သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအား ဖိတ်ကြားစဉ်ကပင် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခြင်းအားဖြင့်အာဆီယံ ပဋိညာဉ်စာတမ်းကိုသွေဖည်ခဲ့သလို လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများအပေါ် မှန်ကန်စွာရှုမြင် သုံးသပ်နိုင်ခြင်း မရှိခဲ့သည်ကိုလည်း တွေ့ရသည်။ အကျိုးဆက်အားဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ဖော်ပြချက်များမှာ မှန်ကန်မှုမရှိဘဲ လွဲမှားသွားခဲ့ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ စတင်ခဲ့ချိန်မှစကာ အနောက်အုပ်စု နိုင်ငံအချို့က ဖိအားပေးမှုများ ပြုလုပ်ခဲ့သလို အာဆီယံနိုင်ငံအချို့ကိုလည်း မြန်မာ့နိုင်ငံအရေးတွင် ဒေသတွင်း နိုင်ငံများအနေဖြင့် ဝင်ရောက်ဖိအားပေးမှုများ ပြုလုပ်ရန်တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။တစ်ဖက်တွင်လည်း အာဆီယံ၏ မူများဖြစ်သည့် နိုင်ငံများအကြား လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ၊ အမျိုးသားရေး လက္ခဏာများကို အပြန်အလှန် လေးစားရေး၊ နိုင်ငံတစ်နိုင်ငံအပေါ် အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်း၊ အနိုင်အထက် ပြုခြင်းနှင့် ခြိမ်းခြောက်ခြင်းမှ လွတ်ကင်းရေး၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုရေး၊ နိုင်ငံအချင်းချင်း ထိရောက်စွာ ပူးပေါင်းကူညီရေးဟူသော အချက်များနှင့် စပ်လျဉ်း၍ အာဆီယံကို အလုပ်မဖြစ်သော အဖွဲ့အစည်းအဖြစ် ဝေဖန်မှုများကိုလည်း ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံအချို့၏ ဆောင်ရွက်မှုများမှာ အနောက်အုပ်စု၏ နောက်ကွယ်မှ ဩဇာမကင်းသည့် အနေအထားများကို တွေ့ရသည်။ မကြာသေးမီက အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်အတွက် ပြစ်မှုထင်ရှားသူလေးဦးအား သက်ဆိုင်ရာ တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် စိုးရိမ်ကြောင်းဖော်ပြမှုနှင့် ဝေဖန်ပြစ်တင်သည့် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့မှုတို့သည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရက်စက်စွာ သတ်ဖြတ်မှုများကို ခံစားခဲ့ကြရသူ (Victim)များ၊ ကျန်ရစ်သူ မိသားစုများ၏ ထိခိုက်ဆုံးရှုံးမှုများနှင့် ဝမ်းနည်းကြေကွဲခံစားရမှုများကို လျစ်လျူရှုကာ အကြမ်းဖက်မှုများကို ထောက်ခံအားပေးရာ ရောက်နေသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု သက်သက်မျှဖြင့် သေဒဏ်ချမှတ်ခံရခြင်း မဟုတ်ဘဲ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့ခြင်းဖြစ်သည့်အတွက် ကျူးလွန်ခံရသူ ပြည်သူတို့အတွက် တရားမျှတမှုရရှိရန် လိုအပ်ကြောင်း သတိ ပြုကြရန်လိုသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို တည်ထောင်ခဲ့သည်မှာ ၅၅ နှစ်သက်တမ်းသို့ ရောက်ရှိလာပြီဖြစ်သလို မြန်မာနိုင်ငံသည်လည်း အာဆီယံအသင်းဝင် နိုင်ငံအဖြစ် ၂၅ နှစ်သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း တာဝန်ယူမှု၊ တက်ကြွမှု၊ အပြု သဘောဆောင်ရွက်မှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည် လျက်ရှိပါကြောင်း။
မြန်မာ့အလင်း


