မိတ္ထီလာ သြဂုတ် ၁၀

 

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါး စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးရန် လျားထားကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေစနစ်ဖြင့် လည်းကောင်း၊ ဆည်ရေ ကန်ရေ မရသည့် ဒေသများတွင် မိုးကောင်း ရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း မျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိက စိုက်ပျိုးလျက်ရှိသည်။

 

ယခု ဘဏ္ဍာနှစ်တွင် မိုးစပါးကို ဆည်ရေ ကန်ရေ သောက်စနစ်နှင့် မိုးကောင်းရေသောက်စနစ် တို့ဖြင့် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၁၀၈၄၆ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၅၁၆၂ ဧက၊ သာစည်မြို့နယ်တွင် ၃၁၃၈၉ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၄၃၁၂ ဧက စိုက်ပျိုးသွားရန် လျားထားကြောင်း သိရသည်။ ယခုနှစ်အတွက် မိုးစပါးများကို ဇူလိုင်လမှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါး ၃၆၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)