ကဘူးလ် ဩဂုတ် ၂၃
အာဖဂန်နစ္စတန်နိုင်ငံ ပက်တီယာပြည်နယ် အရှေ့ပိုင်းတွင် ဩဂုတ် ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဘက်တာသတင်းအေဂျင်စီက ဩဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်များအရ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပက်တီယာပြည်နယ် ဒေသခံများ၏ နေအိမ် ၃၅၈ အိမ်သည် အလုံးစုံပျက်စီးခဲ့ပြီး အခြားသော နေအိမ် ၆၇၆ အိမ်သည် တချို့တစ်ဝက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းနှင့် အနည်းဆုံးစိုက်ပျိုးမြေဧက ၂၀ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် မွေးမြူရေး တိရစ္ဆာန်စုစုပေါင်း ၁၄၃၀ သေဆုံးခဲ့သည့်အပြင် ကီလိုမီတာရာနှင့်ချီသောလမ်းများ၊ တံတားများနှင့် ရေလှောင်တမံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ် ၂၀ ရက်ကလည်း ပက်တီယာပြည်နယ်၏ အိမ်နီးချင်း လိုဂါပြည်နယ် ခူရှီခရိုင်၌ ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၁၅ ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်


