ပဲခူး စက်တင်ဘာ ၂

           

မြန်မာတိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေ အနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံး ညီ ညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

             

စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပဲခူမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြသည့်ပွဲတော် တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ် များအနေဖြင့် နိုင်ငံတော် အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်သည်အထိ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

         

ယင်းနောက် ပြိုင်ပွဲဝင်များက ဗိုလ်ရှုသဘင်သီချင်း ဖြင့်လည်းကောင်း၊ မင်းသား အကဖြင့်လည်းကောင်း၊ အိုးစည်အတီးအကဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေကြရာ၊ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပြန်လည်ပေးအပ်သည်။

        

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၊ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် သီရိဟံသာခန်းမတို့တွင် အနုသုခုမ ပညာရှင်/ဝါသနာရှင် စုစုပေါင်း(၁၃၉)ဦး၏ အဆို၊ အက၊ အရေး၊ အတီး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

         

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရှိ ဆေးဘက်ကျွမ်းကျင်-၄(ဓါတ်မှန်/ဆေးစပ်)နှင့် စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်း ဖွင့်ပွဲသို့တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို သင်ကြားရေးဆေးရုံဖြစ်သော ပဲခူး၊ တောင်ငူနှင့် ပြည် ဆေးရုံ ကြီးများတွင် (၆)လကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)