မိတ္ထီလာ စက်တင်ဘာ ၃
မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်က အဆိုပါဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မိတ္ထီလာခရိုင်အတွင်းက လူမှုရေးအသင်းအဖွဲ့များမှ ၃ဝ ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ဝ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး ၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံက သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့ကာ နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပြီး ရေတွင်းအသက်ကယ်ခြင်း၊ တိုက်များပြိုကျ၍ ပိမိနတဲ့ အရေးပေါ်ဒဏ်ရာရရှိသူများကို ကယ်ထုတ်ခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အခါ စနစ်တကျကယ်ထုတ်ခြင်း စတဲ့ သင်တန်းစာတွေကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောသည်။
သင်တန်းတွင် တစ်ဦးချင်းထူးချွန်ဆုရရှိသူများနှင့် အုပ်စုအလိုက် ထူးချွန်ဆုရရှိသူများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
ချမ်းသာ ( မိတ္ထီလာ)


