ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံဧက ၂၄၄၉ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ဇွန်လအတွင်း ရွာသွန်းခဲ့သည့် မိုးဦးမိုးဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့စိုက်ပျိုးရာ၌ ဒေသခံတောင်သူ တစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ချည်မျှင်ရှည် ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများကို မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး ဖြန့်ဖြူး ဆောင်ရွက်ပေးသည့်အပြင် စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ အသုံးပြု တတ်စေရေး ပံ့ပိုးကူညီပေးခြင်း၊ တောင်သူများကိုယ်တိုင် ချည်မျှင်ရှည်ဝါသီးနှံ မျိုးကောင်းမျိုးသန့်များ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်နည်းစနစ်များကို အသိပညာပေးခြင်းများကို နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက စိုက်ပျိုးလယ်မြေများသို့ ကွင်းဆင်းပြီး တောင်သူအသိပညာပေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ ၊ မဒဲကျေးရွာ ၊ ကျောင်းကုန်းကြီး ကျေးရွာ ၊ ကျွဲတိကျေးရွာ ၊ ကုလားဟောင်းကျေးရွာနှင့် ရေပုတ်ကလေးကျေးရွာတို့တွင် ဒေသခံတောင်သူများက အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး တစ်မြို့နယ်လုံး ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးဧကအနေဖြင့် ၂၄၄၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ဩဂုတ်လကုန်အထိ ချည်မျှင်ရှည်ဝါသီးနှံဧက ၇၂၀ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


