မင်းဘူး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲ သီးနှံများကို ၆၇၂၅၁ ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဆီထွက်သီးနှံများမှာ မြေပဲ ၈၁၅၃ ဧက၊ နေကြာ ၁၆၉၃ ဧက၊ နှမ်း ၅၇၄၀၅ ဧကများဖြစ်၍ စုစုပေါင်း ၆၇၂၅၁ ဧက စိုက်ပျိုးပြီးဖြစ်သော်လည်း လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ဆက်လက်တိုးချဲ့ပြီး စိုက်ပျိုးသွားရေးတို့ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ ဒေသခံတောင်သူများအား အသိပညာပေး ဟောပြောခြင်း၊ စိုက်ပျိုးမည့် တောင်သူများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးထားသော သီးနှံပင်များသည် မိုးဦးကာလတွင် မိုးခေါင်နေသဖြင့် မြေအောက်ရေ မရရှိသည့် အရပ်ဒေသများတွင် အပင်များ သေကြေပျက်စီးမှုများ ရှိကြသည်။ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှာ မြေအောက်ရေ လှိုင်လှိုင်ထွက်သော အရပ်ဒေသများ ဖြစ်ကြ၍ လျာထားချက်ပြည့်မီရန် ၈၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူများမှာ အဆင်ပြေကြကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)


