အစ္စလာမ္မာဘတ် စက်တင်ဘာ ၄

 

ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်သည့် ရုတ်တရက်ရေကြီးမှုနှင့် မိုးရွာသွန်းမှုနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် အနည်းဆုံး ၂၆ ဦး ထပ်မံသေဆုံးကာ ၁၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့က ပြောသည်။

 

ပါကစ္စတန်နိုင်ငံ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ စက်တင်ဘာ ၃ ရက် ညနေပိုင်းအချိန် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် သေဆုံးသူများအနက် အနည်းဆုံး ကလေးငယ် ၁၂ ဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်ကြောင်း သိရသည်။

 

ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ်ပိုင်းမှစတင်ကာ မုတ်သုံမိုးကြောင့် သေဆုံးသူပေါင်း ၁၂၉၀ အထိ မြင့်တက်မှုရှိခဲ့ပြီး ၁၂၅၈၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောသည်။

 

ရုတ်တရက်ရေကြီးမှုဒဏ် အခံရဆုံးပြည်နယ်ဖြစ်သည့် နိုင်ငံတောင်ပိုင်းဆင်းပြည်နယ်၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ၂၂ ဦး သေဆုံးကာ ၇၂၀၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယင်းနောက်တွင် ရေကြီးမှုဒဏ် ဒုတိယအများဆုံးခံရသည့် ခိုင်ဘာပက်တွန်ခွာပြည်နယ် အနောက်မြောက်ပိုင်းနှင့် ဘလိုချီစတန်ပြည်နယ်တို့၌ လွန်ခဲ့သည့်တစ်ရက်အတွင်း နှစ်ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၁၄၆၈၀၁၉ လုံး ပျက်စီးခဲ့ပြီး တိရစ္ဆာန်ကောင်ရေ ၇၃၆၄၅၉ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါရေဘေးသင့်ဒေသများ၌ ပါကစ္စတန်နိုင်ငံ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၊ အစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- အလင်းသစ်