စက်တင်ဘာ ၇
လာအိုနိုင်ငံတွင် ဩဂုတ်လအတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သဖြင့် သေဆုံးသူပေါင်း ၅၈ ဦးရှိပြီး အခြားဒဏ်ရာရရှိသူ ၇၃၂ ဦးရှိသည်ဟု လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုဝန်ကြီးဌာနအောက်ရှိ ယာဉ်ထိန်းရဲဌာနက ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆဖြစ်မှု ၄၃၈ ခုတွင် ယာဉ်အစီးရေ ၇၉၈ စီး ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
လာအိုမြို့တော် ဗီယင်ကျန်းတွင် ယာဉ်မတော်တဆဖြစ်မှုအရေအတွက် အများဆုံးဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ ယာဉ်မတော်တဆမှုများတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၉၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
လာအိုနိုင်ငံတွင် ယာဉ်များအရှိန်မြှင့်မောင်းနှင်ခြင်း၊ မူးယစ်သောက်စားမောင်းနှင်ခြင်း၊ ယာဉ်မောင်းများ ရုတ်တရက်ဉီးတည်ချက် ပြောင်း၍မောင်းနှင်ခြင်းနှင့် ယာဉ်စည်းကမ်းများချိုးဖောက်ခြင်းတို့သည် ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အဓိက အကြောင်းရင်းများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


