ယမန်နေ့မှအဆက်

ဦးဘရီသည် ကိုဘခက်၏စကားများ ကို သဘောကျဟန်ဖြင့် အားရပါးရ ရယ်လိုက်သည်။

“အေးပေါ့ကွာ၊ ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် မင်းဟာ ဂီတသူရဲကောင်းပဲ။ ဒါပေမဲ့ ဘုရားတောင် အမှီရှိမှ ပွင့်တယ်ကွ။ ပြီးတော့ ဂီတပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ဆိုတာက အချိန် အခါသင့်ဖို့လိုတယ်။ အသိုက်အဝန်းလည်းလိုတယ်။ မြှောက်စားပေးမယ့် အမှီသဟဲလိုတယ်။ အရည်အချင်း တစ်ခုတည်း အားကိုးလို့ မရဘူးဟေ့။ မင်း ဝင်ကြည့်တော့ သိလာလိမ့်မယ်”

ဟုတ်ပေသည်၊ ဦးဘရီ၏စကားများသည် ကနေ့မငြင်းနိုင်အောင် ရှိတော့သည်။ ဂီတပညာသည်တစ်ယောက်အတွက် နာမည်တစ်လုံးရရန် အမှီသဟဲ လိုကြောင်းကိုလည်း တွေ့ခဲ့ပေပြီ။ အသိုက် အဝန်းလိုကြောင်းလည်း နားလည်ခဲ့ပေပြီ။ အမှန်တော့ ဂီတနယ်တွင် ရုန်းကန်ရသည်မှာ မည်မျှ စိတ်ပျက်စရာကောင်းသည်ကို ဂီတသုခုမအတွင်းရေးမှူး ဦးဘရီ က သူ့ထက် ပိုနားလည်ပေလိမ့်မည်။ သို့ကြောင့်လည်း ဦးဘရီပြောသော စကားများသည် သွေးထွက်အောင်မှန်ကြောင်း ကနေ့ပင် တွေ့ခဲ့ရလေသည်။

ဂီတပညာနှင့်ပတ်သက်၍ ဂီတအဖွဲ့ အစည်းတွင်းမှ မသန့်ရှင်းမှုများ၊ ဂိုဏ်းဂဏစွဲမှုများ၊ ပုဂ္ဂိုလ်စွဲမှုများရှိလျှင်၊ တခြားစီးပွားရေးလုပ်ငန်းနှင့် တွဲ၍လာလျှင် ပို၍ဆိုးတော့မည်ကို တွေးရင်း ရင်လေးမိသည်။

မည်သို့ဖြစ်စေ ကိုဘခက်အဖို့ တစ်ထောက်နားရန် နေရာတစ်ခုကားရခဲ့ပြီ။ သည်နေရာမှာပင် တစ်ထောက်နား၍ မိမိရည်မှန်းချက်ပန်းတိုင်သို့ အရောက် မည်သို့သွားရမည်ကို လမ်းစ ရှာရပေတော့မည်။ ဦးဘရီပြောသည့် အတိုင်းဆိုလျှင်လည်း မည်သို့ပင်ဖြစ်စေ နားရန်စခန်းတစ်ခုရသည်။ အမှီသဟဲအဖြစ် ဦးကျော်ဒင်လို ပုဂ္ဂိုလ်တစ်ဦး လည်းရှိသည်။ သည်ဘဝရောက်မှတော့ ကြောက်စရာမလိုတော့ချေ။

ကျော်စောခြင်းမရခင် ပညာသည်ဆို သည်မှာ ဒုက္ခခံရခြင်းပင်ဖြစ်သည်ဆိုသည်ကိုလည်း ကိုဘခက်က နားလည် ထားလေသည်။ သူမတူအောင် ကျော်ကြားသူများပင် ဒုက္ခပင်လယ်ဝေ၍ ဘဝကို ကြေကွဲဖွယ်ရာဖြင့်သာ အဆုံးသတ်ကြရသည်မဟုတ်လား။ သည်လို ပညာရှင်ကြီးများဘဝကို ကြားသိတွေ့မြင်ရ ပြန်တော့လည်း ကိုဘခက်အဖို့ရာတွင် သူတို့၏ဒုက္ခထက် ဆယ်ပြန်တွေ့စေဦးတော့ အားလျှော့ရန်အကြောင်း မရှိတော့ချေ။

ကိုဘခက်သည် ဘဝရှေ့ရေးကိုတွေးရင်း စိတ်ကိုပို၍တင်းထားလိုက်သည်။ ဧည့်ခန်းဆီမှ စန္ဒရားသံသည် အခန်းတွင်းသို့ လွင့်ပျံ၍လာသည်။ တီးဟန်က မရင့်သေးမှန်း အကဲခတ်၍ရသော်လည်း လက်ကျသန်သည်။ နုသည်၊ နွဲ့သည်။ စက်ခလုတ်ကို နှိပ်ခြင်းမျိုးမဟုတ်။ ခံစားချက်နှင့် ပေါ်လာသော ဂီတသံမှန်း သိလိုက်သည်။

လက်သံကို ကြားရုံမျှဖြင့် ‘မ’၏လက် သံမှန်း အတတ်သိလိုက်သည်။ ‘မ’ ၏ လက်သံသည် သူ၏အတွင်းစိတ်ကဲ့သို့ နူးညံ့သိမ်မွေ့လှပါတကား။

[ ၃ ]

‘မ’ သည် ကိုဘခက်ရှေ့တွင် ကျုံ့ကျုံ့ကလေး ထိုင်လိုက်သည်။ စောင်းကို တစ်ကြိုးချင်း စမ်းလိုက်သည်။ သူသည် ဆရာရှေ့မှောက်သို့ ရောက်နေသော တပည့်ငယ်ကဲ့သို့ ရှိလေသည်။ ကိုဘခက် သည် စည်းနှင့် ဂျပ်ကိုကိုင်လိုက်ပြီးလျှင် ဂီတဝိသောဓနီစာအုပ်ကို လှန်လိုက်သည်။

“စောင်းကိုသင်ရင်တော့ ထံတျာတေရှင်ကစပြီး သင်ရလိမ့်မယ်” 

‘မ’ သည် စောင်းကို ငုံ့၍စမ်းနေရာမှ ကိုဘခက်ကို မော့၍ကြည့်လိုက်သည်။ ပြီးမှ ဘာမျှပြန်မပြောဘဲ ကြိုးခံ အကွက် ကျဲကို တီးပြီးလျှင် ထံတျာတေရှင် သီချင်းကို ဆက်၍တီးလိုက်သည်။

ကိုဘခက်သည် ‘မ’ ၏အပြုအမူကို နားလည်မိသည်။

ထံတျာတေရှင်က စ၍သင်ရမည်ဟု ပြောလိုက်ခြင်းကို ‘မ’ က ကျေနပ်ဟန် မတူပေ။

ထို့ကြောင့် ထံတျာတေရှင်သီချင်းကို သူရနှင့်ပြီးကြောင်း လက်တွေ့ တီးပြ လိုက်ခြင်းဖြစ်သည်။

“နေဦး ... နေဦး၊ ဒီအပိုဒ်တွေမှာ လွဲနေတယ်။ ထံတျာတေရှင်သီချင်းမှာ အပိုဒ် ရှစ်ပိုဒ်ရှိတယ်။ ဝါးနဲ့တွက်ရင် ရှစ်ဝါးစီရှိတယ်၊ အမှန်က ဘယ်သီချင်းပဲဖြစ်ဖြစ် ဝါးချက်စုံဖြစ်ရမယ်၊ မ မဖြစ်ရဘူး၊ မဖြစ်ပြီး မစုံရင် စည်းတော့မကျိုးဘူး၊ ဒုံးကျိုးတယ်၊ ဒါဟာမမှန်ဘူး”

‘မ’သည် ကိုဘခက်အားကြောင်၍ ကြည့်နေသည်။ ကိုဘခက်ပြောသော စကားများကိုလည်း အဓိပ္ပာယ်မရှင်းလှ ပေ။
“သီချင်းကြီးတွေမှာ မူတွေကွဲနေတာကို ‘မ’ စိတ်အပျက်ဆုံးပဲ။ နောက်က လိုက်ရတဲ့လူက ဘယ်မူ လိုက်ရမှန်း မသိဘူး”

“မူဟာ တစ်မူတည်းရှိတယ်၊ ခုကျွန်တော်ပြောတဲ့မူက တစ်ကမ္ဘာလုံး သုံးတဲ့မူနဲ့လည်း ကိုက်တယ်။ မြန်မာနည်းနဲ့လည်း မှန်တယ်၊ ဥပမာ....ဒုံး ဆိုတာက ဝါးချက်သဘောပဲ။ ကမ္ဘာမှာ စနစ်ကျတဲ့သီချင်းတွေ၊ တီးချက်တွေ မှန်သမျှ ဝါးချက်ကိုတွက်ရင် ရှစ်ဝါး၊ ဆယ့်ခြောက်ဝါး၊ သုံးဆယ့်နှစ်ဝါး၊ ခြောက်ဆယ့်လေးဝါး ဒီလိုပဲရှိတယ်။ ခွဲလိုက်ရင် စုံကျန်တယ်။ မစုံရင် ဘိအောက် တယ်လို့ခေါ်တယ်။ ဥပမာ....ရေကင်းကိုတီးတော့ ပလုတ်တုတ်တုတ်ဒူဆိုတဲ့ မောင်းချက်ကို သတိထားမိမှာပေါ့။ အဲဒီ ဒူ...ဆိုတဲ့ မောင်းသံဟာ နှစ်ဝါးမှာ တစ်ခါတီးတယ်။ ဒီတော့ ရှစ်ဝါးဆိုရင် လေးချက်တီးတယ်။ တကယ်လို့ ကိုးဝါး ဆိုရင် ဒီမောင်းချက်ဒုံးချက်တွေဟာ တီးလို့မရဘူး။ တစ်ဝက်နဲ့ ကန့်လန့်တင်နေမယ်။ ဒါကြောင့် တီးချက်တွေ၊ သီချင်းတွေမှာ ဝါးမစုံရင် ဒုံးကျိုးတယ်လို့ခေါ်တယ်။ စည်းမကျိုးဘူး၊ ဒုံးကျိုးတယ်ဆိုတဲ့ စကားဟာ ဒီကလာတာပဲ”

ဒီတော့ ခင်ဗျားတီးတာဟာ ကိုးဝါးဖြစ် နေတယ်။ ကဲ...ကျွန်တော် တီးပြမယ်၊ ခင်ဗျား စည်းလိုက်ပြီး မှတ်ပေတော့”
‘မ’ သည် ပါးစပ်အဟောင်းသားနှင့် ကိုဘခက်အား ငေး၍ကြည့်နေမိသည်။

ကိုဘခက်၏စကားများကိုကား ဘာမှငြင်းချက်မထုတ်နိုင်တော့ချေ။

လက်ထဲမှစောင်းကိုသာ ကိုဘခက်အား လှမ်းပေးလိုက်ရတော့သည်။ ကိုဘခက်သည် စောင်းကိုယူလိုက်ပြီးလျှင် ကျင်လည်စွာ စမ်းလိုက်သည်။

‘မ’ က အလိုက်သိစွာပင် စည်းကို ကောက်၍ကိုင်လိုက်သည်။ 

“စည်းနဲ့ဝါး ...စည်းနဲ့ဝါး” 

“ထံတျာတေရှင် x x ထံတျာတေရှင် x x ဒရန့် x x ဒရန့် x x ထံတျာတေရှင်”

‘မ’သည် ကိုဘခက်တီးသော အကွက်များကို အာရုံစိုက်၍ မှတ်ထားလိုက်သည်။

ကိုဘခက် တစ်ခေါက်ဆုံးသွားလျှင် ‘မ’ သည် အားကျမခံ စောင်းကိုလှမ်းယူလိုက်ပြီးလျှင် ထံတျာတေရှင်ကို ကိုဘခက် တီးသည့်အတိုင်း တီးပြလိုက်သည်။ 

ဦးကျော်ဒင်သည် ဆေးပြင်းလိပ်ခဲ၍ ဇိမ်နှင့် နားထောင်နေသည်။

ကိုဘခက်ပြောသော စကားများကိုလည်း ကျေနပ်ဟန်ရှိသည်။ သီချင်းဆုံးလျှင် နေရာမှထ၍ အနားသို့ ရောက်လာသည်။

“ဟုတ်တယ်ဟေ့ ... မောင်ဘခက် ပြောတဲ့အတိုင်းဆိုရင် တို့မြန်မာဂီတဟာ နိုင်ငံခြားဂီတနဲ့ ဘာခြားသေးလဲ။ စည်းကျိုး ဒုံးကျိုးဆိုတာ သတိထားရမယ်။ တချို့ပညာသည်တွေဟာ စည်း ဝါးလောက်ပဲ ဂရုစိုက်ကြတယ်။ ဒုံးကို ဂရုမစိုက်ကြဘူး။ သမီးရေ...ရပြီးသား ဆိုပြီး မပေါ့နဲ့ဟေ့။ မောင်ဘခက်သင်တဲ့အတိုင်း အကုန်ပြင်ပြီးမှတ်ထား။ ကြားလား”

“ဟုတ်ကဲ့ ဖေဖေ၊ ‘မ’ အားလုံးပြန်ပြင်နိုင်ပါတယ်” 

‘မ’သည် ထံတျာတေရှင်ပင် နောက်တစ်ကျော့ပြန်၍ တီးလိုက်သည်။ ကိုဘခက် သည် စည်းလိုက်ပေးရင်း အနည်းငယ်မှားသော အဝင်အထွက် အတွဲအဖက် ကလေးများကို ပြင်ပေးလိုက်သည်။ ‘မ’ သည် ကိုဘခက်က နှုတ်ဖြင့်သတိပေးလိုက်လျှင် အလွယ်တကူလိုက်၍ ပြင်နိုင် လေသည်။

“ကဲဟေ့ ... မောင်ဘခက်၊ ဦး အပြင်သွားလိုက်ဦးမယ်၊ ‘မ’ နဲ့ မော့်ကိုတော့ ဖိဖိစီးစီး သင်ပေးပါကွယ်။ မွန်က ဒီနှစ်ကျောင်းစာက အရေးကြီးနေတယ်။ ကောင်းကောင်းသင်နိုင်မှာ မဟုတ်ဘူး”

ဦးကျော်ဒင် ထွက်သွားသောအခါ ‘မ’ သည် နောက်တစ်ကျော့ပင် ဆုံး၍ သွားပြန်သည်။ ။ 

‘မ’ ဒီသီချင်းရပါပြီဆရာ၊ နောက်တစ် ပုဒ်တက်ရမလား”

“သီချင်းတက်ရာမှာ လောဘမကြီးနဲ့၊ ဒီသီချင်းကို သုံးရက်ကြေအောင် တက်ပြီးမှ နောက်တစ်ပုဒ်ကို တက်ရမယ်”

‘မ’သည် ကိုဘခက်ကို စိုက်၍ကြည့်နေ လိုက်သည်။ သူ့စိတ်ထဲတွင်ကား ကျေနပ်ပုံမရချေ။ ရပြီးသားသီချင်းကို ထပ်၍တီး နေသည်ကိုလည်း ငြီးငွေ့မိလေသည်။

‘မ’ သီချင်းတွေတက်ပြီးသားပါ ဆရာ၊ ထံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ၊ ထွေတ လာအထိ တက်ပြီးပြီ။
ကိုဘခက်သည် ‘မ’ ကို မကြည့်ဘဲ ခပ်ပြတ်ပြတ်ပြန်၍ ပြောလိုက်သည်။

“တက်ပြီးပေမယ့် ပြန်ဆေးရမှာပဲ၊ ကျုပ်သင်ရမယ်ဆိုရင်တော့ ကျုပ်ကြိုက်တဲ့စနစ်အတိုင်း ပြုပြင်ရမှာပဲ”

ကိုဘခက်၏ ပြတ်တောင်းလှသော စကားကြောင့် ‘မ’ မှာ အခံရခက်သလို ရှိတော့သည်။

“ဒီလိုသာ ပြင်နေရင်တော့ ဆရာ၊ ဘယ်တော့မှ ဆုံးတော့မှာမဟုတ်ဘူး။ တစ်ယောက်တစ်မျိုး လိုက်ပြီးပြင်နေရမှာပေါ့”

“ထံတျာတေရှင်ဟာ ဂီတရဲ့ သဒ္ဒါပဲ။ အခြေခံဆိုလည်း ဟုတ်တယ်၊ သူ့ကိုကြေရင်၊ သဘောပေါက်ရင် နောက် သီချင်းတွေအတွက် မခက်တော့ဘူး။ ဒါထက် ခင်ဗျားက ကြည့်တော့သာ ပျော့ ပျော့ညက်ညက်နဲ့ တော်တော် ခေါင်းမာ ပုံရတယ်”

“ရှင်... ‘မ’ ကို ခေါင်းမာတယ်... ဟုတ်လား။ ခေါင်းမာတယ်ပဲထားပါဦး၊ ‘မ’ ခေါင်းမာတာနဲ့ ထံတျာတေရှင်နဲ့ ဘာဆိုင်လို့လဲဆရာ”

“ဆိုင်လို့ ကျုပ်ပြောနေတာပေါ့၊ မဆိုင်ဘဲ လေကုန်ခံပြီး စကားမပြောတတ်ဘူး။ ခင်ဗျားစိတ်ဓာတ်ကိုသိမှ သင်ပြရတာ အဆင်ပြေမှာပေါ့။ ဒါထက် နေပါဦး၊ ခင်ဗျားနာမည်က ‘မ’ တစ်လုံးတည်း ပဲလား။ ‘မ’ ဆိုတာ ရှေ့ကခံတဲ့အလုံးပဲ။ သူ့နောက်မှာ ပါရဦးမှာပေါ့။ မနီ၊ မဖြူ... ဆိုတာမျိုးလိုပေါ့ ။ ခင်ဗျားနာမည်မှာရော မပါဘူးလား”

ဆက်လက်ဖော်ပြပါမည်။