စက်တင်ဘာ ၁၅
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် လူ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ( အင်န်ဒီအမ်အေ )က ပြောကြားသည်။
ရေကြီးရေလျှံမှုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင်း အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့ညနေပိုင်းကထုတ်ပြန်သော အင်န်ဒီအမ်အေ၏ ဖော်ပြချက်အရ သိရသည်။
နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ရေဘေးသင့်အခံရဆုံးဒေသဖြစ်ပြီး သုံးဦးသေဆုံးကြောင်းနှင့် အနောက်မြောက်ပိုင်း ခီဘာပါထန်ခါပြည်နယ်တွင် နှစ်ဦးသေဆုံးသည်ဟု ဖော်ပြထားသည်။
ထို့ပြင် နေအိမ် ၅၀၉၁ လုံး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၁၀၃၃၆ သေဆုံးခဲ့ကြောင်းနှင့် လမ်းအရှည် ကီလိုမီတာ ၃၀၀ ပျက်စီးသွားကြောင်း ထပ်လောင်းဖော်ပြထားသည်။
ဇွန်လလယ်မှစတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူပေါင်း ၁၄၈၆ ဦး သေဆုံးခဲ့ပြီး ၁၂၇၄၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


