ပခုက္ကူ အောက်တိုဘာ ၅

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပသည်။

 

ဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က မြတ်ဆရာပူဇော်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ကမ္ဘာ့ဆရာများနေ့အကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ အင်္ဂလိပ်စာဘာသာဌာနမှ ပထမနှစ်ကျောင်းသူ မအေးသန့်အောင်က မြတ်ဆရာသီချင်းဖြင့် ပူဇော်ဧည့်ခံသည်။

 

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီးအား  ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ/ဆရာမများက ဩကာသ ကန်တော့ချိုးဖြင့် ဂါရဝပြုပူဇော်ကန်တော့ခြင်း၊ ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီး ဦးစိုးမြင့်က ဩဝါဒစကားပြန်လည်ပြောကြားသည်။

 

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ မွန်မြတ်လှသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးများကို မျိုးဆက်သစ်လူငယ် ဆရာ၊ ဆရာမများအနေဖြင့် ကြည်နူးဝမ်းမြောက်စွာ ဂုဏ်ပြုတတ်စေရန်၊ ကြည်ညိုလေးစားအပ်သည့် ဆရာ့ဘဝ၊ ဆရာ့သိက္ခာ၊ ဆရာအပေါင်းတို့၏ ဂုဏ်ထူးဝိသေသ လက္ခဏာများကို အတုယူ လေးစားအားကျတတ်စေရန်နှင့် မျိုးဆက်သစ်လူငယ်များအတွက် စံပြုအတုယူထိုက်သည့် ဆရာ၊ ဆရာမအဖြစ် လိုက်နာပြုမူနေထိုင်တတ်ကြစေရန်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကို အရင်းခံပြီး မိမိတတ်မြောက်ကျွမ်းကျင်သည့် အသိပညာ၊ အတတ်ပညာရပ်များကို ပြန်လည်မျှဝေကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြတ်ဆရာပူဇော်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ်မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၂၄)ဦးရှိပြီး ပူဇော်ပွဲမတက်ရောက်နိုင်သည့် အဝေးရောက် ဆရာကြီး၊ ဆရာမကြီးများကို ကန့်တော့လက်ဆောင်ပစ္စည်းများ ပေးပို့ပူဇော်ကြမည်ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပြသည်။

 

ခရိုင်(ပြန်/ဆက်)