နေပြည်တော် အောက်တိုဘာ ၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော အထည်အလိပ်များ ကီလိုဂရမ်(၁၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၉၄,၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမှ အုမ္မသီး-အုမ္မခါးသို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် ပိုးသတ်ဆေးဟု ယူဆရသောပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၆၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော DONG FENG DUMP TRUCK အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၆၆၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀)နှင့် လိုင်စင်မဲ့ မော်တော်ကား(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ(၁၂ ဒသမ ၃၈၈၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၃၆,၂၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၈၉၆,၀၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်


