ပခုက္ကူ အောက်တိုဘာ ၉
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်း သမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။
ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ တည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ဖြင့် အသီးသီးလာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။
ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလတရား နာယူသူများ၊ ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းများ လှဲလှယ်သူများနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများ၊ ငါးအစာကျွေးသူများ၊ ဘုရားဝန်းအတွင်း ရောင်းချသည့် စားစရာ မုန့်ပဲသရေစာများ ဝယ်ယူစားသောက် အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


