ရန်ကုန်၊ အောက်တိုဘာ ၉

မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်းပွဲနှင့် ဈေးရောင်းပွဲတော်အား ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်လပြည့်အကြိုနေ့ အောက်တိုဘာ ၈ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် အောက်တိုဘာ ၁၀ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ အောက်တိုဘာ ၈ ရက် ညပိုင်းက ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါမီးထွန်းပွဲနှင့် ဈေးရောင်းပွဲတော်တွင် အကျယ် ၁၀ ပေ ပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၁၇၀ ကို မည်သူမဆို ဦးရာလူစနစ်ဖြင့် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်၊ အသီးအနှံများကို ရောင်းချပေးသွားမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်အား နံနက် ၇ နာရီမှ ည ၁၀ နာရီထိ လည်းကောင်း ၊ စတိတ်ရှိုးတေးဂီတ တင်ဆက်မှုများအား ညနေ ၅ နာရီမှ ည ၈ နာရီထိ လည်းကောင်း၊ သီတင်းကျွတ်လပြည့်နေ့ဖြစ်သော ယနေ့ညတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ အများပြည်သူများ ပြည်သူ့ရင်ပြင်ရှိ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)