ရန်ကုန်၊ အောက်တိုဘာ ၉
ယနေ့သည် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရား၊ စေတီများတွင် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နှင့် ဆွမ်းသိမ်းသီလခံယူပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အရုဏ်တက်ချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆီမီး ၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဝါဆို ဘုရားရှိးခိုးခြင်း၊ စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ စေတီတော်မြတ်ကြီးအား မြတ်ဘုရား ရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော်ခြင်း၊ ပရိသတ်အပေါင်းတို့က နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဆုတောင်း အမျှဝေ သာဓုခေါ်ဆိုခြင်း စသည့်အစီစဉ်အတိုင်း ဆောင်ရွက်ကြသည်၊၊
ယင်းနောက်အဘိဓမ္မာ အခါတော်နေ့နှင့် ဆွမ်းသိမ်းသီလခံယူပွဲ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ နှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုသိန်းနှင့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်၊၊
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက် ပဓာနနာယက ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ သ၊ စ၊ အ ပါဠိပါရဂူ တိပိဋကဓရ ဓမ္မဘဏ္ဏာဂါရိက ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှဧည့် ပရိသတ်များက နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးအောင်သော်က ဇယမင်္ဂလာအနုမောဒနာ စာတမ်းကို ဖတ်ကြား လျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ပဝရာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားပြီး ရေစက်ချအမျှပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ညနေပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများသည် ရွှေတိဂုံစေတီတော် ပတ်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ မဟာဝိဇယစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့် စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များကကြီးမှူး၍ ယနေ့နံနက်ပိုင်း အာရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေးချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြခြင်း၊ မြို့နယ် ရပ်ကွက် အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှုပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုးအဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ ဆီမီးများ၊ ဖယောင်းမီးများဖြင့် ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြသည်။
သတင်းစဉ်
သတင်း-ဇော်မင်းလတ်(MNA)၊ ကျော်စိုးဝင်း
ဓာတ်ပုံ-ကိုကိုဇော်


