နေပြည်တော် အောက်တိုဘာ ၉

 

သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင် မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ စေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သီတင်းကျွတ် လပြည့်အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး သာသနာ့ဗိမာန်တော် ခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ တက်ရောက် ဖူးမြော်ကြည်ညိုကြပြီး ကျိုက္ခမီမြို့ အဘိဓမ္မာအသင်းမှ မျှော်ချင့်ပဏ္ဏ ကန်တော့လွှာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ အေးရိပ်သာ မန္တလေး ကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခြင်း၊ မေတ္တာသုတ် ပရိတ်တော်နာယူကြည်ညိုခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက ဘုရားကြီး ဘက်စုံမွမ်းမံ ဆောင်ရွက်ထားရှိမှု၊ ဘုရားဖူးများ တည်းခိုနေထိုင်ရေး စီစဉ်ဆောင်ရွက်မှု အခြအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမျှော် နိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များအညီ ဖြစ်စေရေးကို အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာ တင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက တက်ရောက် ပူဇော်ကြည်ညိုကြသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် အဘယသုတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သာသနထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်ကြီးများထံမှ မေတ္တာသုတ် ပရိတ်တရားတော် နာယူကြည်ညိုခြင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ ဆောင်ရွက်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များကို လှူဖွယ်ဝတ္ထုများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရှိရသည်။

 

သတင်းစဉ်