နေပြည်တော် အောက်တိုဘာ ၁၂

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန့်ကျိုးသိပ္ပံနှင့် နည်းပညာကောလိပ်တို့ ပူးပေါင်း၍ ဖွင့်လှစ်သော “ကျေးလက်ဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။

 

ဆွေးနွေးပွဲသို့ ကျန့်ကျိုး အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာဗျူရိုမှ ညွှန်ကြားရေးမှူး ၊ ကျန့်ကျိုးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျန့်ကျိုး သိပ္ပံနှင့် နည်းပညာကောလိပ်မှ ဆရာ/ဆရာများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဘာသာရပ်တာဝန်ခံများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲတွင်  တရုတ်နိုင်ငံ၏ ကျေးလက် ဒေသအရင်းအမြစ်များအား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးအတွက် စီမံကိန်း ရေးဆွဲအသုံးချခြင်းဆိုင်ရာ နည်းလမ်းများနှင့် အလားအလာများ၊ တရုတ်နိုင်ငံ၏ ကျေးလက် ဒေသနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့် လိုက်လျော ညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဆိုင်ရာများနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အထောက် အပံ့ဖြစ်စေသော အတွေ့အကြုံများကို လေ့လာမှတ်သားကြရမည်ဟု သိရှိရသည်။

 

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားများ၏အလေ့အထများ မှာ လူနေထူထပ်ပြီး မွန်းကြပ်သော မြို့ပြနေရာများသို့ သွားရောက်လည်ပတ်ခြင်းအစား ဝေးလံ၍ သဘာဝအရသာကို ခံစားနိုင်သော ကျေးလက်ဒေသများသို့ သွားရောက်လည်ပတ် သည့် ပုံစံသို့ ပြောင်းလဲလာသည်ကိုတွေ့ရှိရပါကြောင်း၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်း သည် ဒေသတွင်းစီးပွားရေးနှင့် လူနေမှုဘဝပုံစံပြောင်းလဲခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် မောင်းနှင်အားတစ်ခုဖြစ်ပြီး နိုင်ငံ၏ GDP နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် အထောက်အပံ့တစ်ခုဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲသို့ ပါဝင်တက် ရောက် ကြသော ကိုယ်စားလှယ်များအနေဖြင့် ယခုဆွေးနွေးပွဲမှ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နည်းဗျူဟာများ၊ အတွေ့အကြုံကောင်းများနှင့် နည်းလမ်းများအား ဂရုတစိုက်လေ့လာမှတ်သားသွားကြရန်နှင့် မိမိတို့၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ဖလှယ် ကာ ရလဒ်ကောင်းများ ဖော်ထုတ်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် ကျန့်ကျိုး အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာဗျူရိုမှ အဆင့်မြင့်အရာရှိကြီးများက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံအလိုက် ကိုယ်စားလှယ်များက အသီးသီး မိတ်ဆက်ရှင်းလင်းတင်ပြကြပြီး ကျန့်ကျိုး သိပ္ပံနှင့် နည်းပညာကောလိပ်မှ ကျောင်းအုပ်ကြီး က ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အွန်လိုင်းမှ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

 

ယခုဆွေးနွေးပွဲအား ၂၁ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲ (၁၀)နိုင်ငံမှ ကိုယ်စားလှယ်(၇၀) ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)