နေပြည်တော်  အောက်တိုဘာ ၁၂

 

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အသိ ပညာမျှဝေမှုအစီအစဉ်အရ ဆေးဝါးဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းစဉ် စစ်ဆေးခြင်းနှင့်စပ်လျဉ်း သည့် အသိပညာမျှဝေမှုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးတင်ဉီးက  Video Message ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ် ရုံးများအဖွဲ့ (ASEANSAI) ၏ မဟာဗျူဟာလုပ်ငန်းစီမံချက် ( ၂၀၂၂-၂၀၂၅ )ပါ “အသိပညာ မျှဝေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံဖြိုး တိုးတက်မှု” ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ယခု အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများနှင့်အညီ ဆေးဝါးဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းစဉ်စစ်ဆေးခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ အလေ့ အကျင့်ကောင်းများကို မျှဝေဆွေးနွေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေးခြင်းအတွက် Case Study ဖြင့် အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ကို ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံး တို့မှလည်း ဆေးပစ္စည်းဝယ်ယူထောက်ပံ့မှုနှင့် ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုစစ်ဆေးခြင်း အတွေ့အကြုံများကို ဆွေးနွေးသွားမည်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံများ အကြား ဆက်သွယ်ဆောင်ရွက်မှု အားကောင်းခြင်း၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေး အခေါ်နှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ဖြင့် အပြန်အလှန် လေ့လာသိရှိမှု အခွင့် အလမ်းကို ရရှိမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် ASEANSAI ၏ မဟာဗျူဟာလုပ်ငန်း စီမံချက်နှင့် ASEANSAI Knowledge Sharing Committee ၏ Work Plan ပါ ရည်မှန်းချက် များရရှိနိုင်ရေးအတွက် အကျိုးပြုနိုင်သည့် ဆွေးနွေးပွဲဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ASEANSAI Knowledge Sharing Committee ဉက္ကဋ္ဌ မလေးရှားနိုင်ငံ စာရင်းစစ်ချုပ် Datuk Nik Azman Nik Abdul Majid က Video Message ဖြင့် အဖွင့် အမှာစကား ပြောကြားသည်။

 

ယင်းနောက် အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးက အခြေခံကျန်းမာရေးစောင့်ရှောက် မှုအတွက် ဆေးဝါးထောက်ပံ့မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးက ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကရိယာများ စီမံခန့်ခွဲမှုစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၊ ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးက စာသင်ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်က ဆေးဝါးဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းစဉ် စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း အစီအစဉ်အတိုင်း အသီးသီးဆွေးနွေးကြပြီး အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာသူများက အပြန်အလှန်မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)