နေပြည်တော် အောက်တိုဘာ  ၁၂

 

၂၃၀ ကေဗွီ ကျောက်ဖြူပင်မဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပြီး ကျောက်ဖြူမြို့နှင့် အနီး ပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် အနာဂတ်တွင် လိုအပ်လာမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက် နိုင်ရေးအတွက် ကြိုတင်မျှော်မှန်းကာ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့်အတူ ယမန်နေ့ ညနေပိုင်းက လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ ကျောက်ဖြူ ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး လျှပ်စစ် ဓာတ်အား ပို့လွှတ် ဖြန့်ဖြူး ပေးနေပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ (၁)ရုံ ဖြစ်၍ ပြည်သူများအတွက် တည်ငြိမ်ပြီး အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယနေ့ စတင်စမ်းသပ်လည် ပတ်သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ချိတ်ဆက်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ရန်၊ Power System Stability Improvement Devices များ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ ဓာတ်အား ပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင် ရွက်ရန်၊ ဓာတ်အား စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံသုံး ပစ္စည်းများကို အမြဲမပြတ် စစ်ဆေးကြည့်ရှု သွားရန်နှင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက် ရန်တို့ကိုမှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ် ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် လက်ဆောင်သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် CNTIC VPower KY3 Ltd. ၏ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး  ဒုတိယဝန်ကြီးက စက်ရုံနှင့် စက်များ၏ Efficiency ကောင်းမွန်ရေး အလေးပေးဆောင် ရွက်ရန်၊ ဓာတ်အားပေးစက်များ အပြစ်ဖြစ်မှု လျော့နည်းပြီး သတ်မှတ်ချက်အတိုင်း မောင်းနှင်လည် ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်aသွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အားမောင်းနှင် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)