နေပြည်တော် အောက်တိုဘာ ၁၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

 

 

အဆိုပါ  စစ်လက်ရုံးရွေးချယ်ပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊  ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာ နှင့် ကြိုးစား အားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  အဖွဲ့ဝင်များသည် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ  အတူတကွသုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် စစ်လက်ရုံး ရွေးချယ်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                     သတင်းစဉ်