ရန်ကုန် ၁၀ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကန်ပေါက်ကျေးရွာတွင် ကမ်းလွန်ပင်လယ်မှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို တစ်ဆင့်သိုလှောင်၍ ရန်ကုန်မြို့နှင့် အခြားမြို့များအပါအဝင် ထိုင်းနိုင်ငံသို့ PTTEP International Limited အနေဖြင့် နေ့စဉ်သဘာဝဓာတ်ငွေ့များ ပို့လွှတ်လျက်ရှိသည်။
PTT ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ မြန်မာဇောတိကစီမံကိန်းတွင် ကမ်းလွန်နှင့် ကုန်းတွင်းဟူသော လုပ်ငန်းနှစ်ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဇောတိကလူနေထိုင်နိုင်သော ထုတ်လုပ်ရေးစင် ကမ်းလွန်း ZPQ သည် မုတ္တမကွေ့အတွင်းကမ်းခြေမှ (၂၃၅)ကီလိုမီတာ အကွာတွင်တည်ရှိကာ ZPQ နှင့် ဆက်စပ်ရေနံစင်တို့မှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို (၂၈)လက်မအချင်းရှိသော ပင်လယ်ရေအောက်ပိုက်လိုင်းဖြင့် တွန်းပို့လျက်ရှိသည်။
ရေအောက်ပိုက်လိုင်းသည် မြန်မာပြည်အနောက်တောင်ဘက် မော်ဂျီးကျေးရွာအနီး ကမ်းခြေသို့ရောက်ရှိ၍ (၇၂)မီတာရှည်သော မြေအောက်ပိုက်လိုင်းမှတစ်ဆင့် ဇောတိ်က Z BV1 ကိုဖြတ်၍ ဓာတ်ငွေ့အရည်အသွေးမြှင့် ဓာတ်ငွေ့သိပ်သည်းဆတို့ကို ထိန်းညှိရန် Z awtika Operation Center (ZOC)သို့ ပို့လွှတ်ပြီး ရရှိလာသော ဓာတ်ငွေ့များကို ZOC မှ အပိုင်းနှစ်ပိုင်းခွဲ၍ ထပ်မံပို့လွှတ်သည်။
ပထမပိုင်းအနေဖြင့် ရန်ကုန်၊ ထားဝယ်နှင့် အနီးအနားရှိရွာများရှိ စက်ရုံ၊ အလုပ်ရုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှတစ်ဆင့် ဖြန့်ဖြူးပေးလျက်ရှိပြီး ဒုတိယပိုင်းအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ တောင်တန်းပေါ်တွင်တည်ရှိသော Station တစ်ခုဖြစ်သည့် ZMS သို့ပို့လွှတ်သည်။ ZOC နှင့် ZMS ကြားတွင် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ZB C2 ကို တည်ဆောက်ထားရှိပြီး ဆက်လက်၍ ZMS မှတစ်ဆင့် ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်ကာ ကန်တနဘူမိခရိုင်ရှိ PTT ဓာတ်ငွေ့ပို့လွှတ်သောအခန်းသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ဇောတိကကုန်းတွင်း စီမံကိန်းတွင်ပါဝင်သော ဧရိယာများမှာ Zawtika Operation C enter (ZOC)မှ ZMS၊ ZBV1၊ ZBV2 နှင့် ROW တို့ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်အကွာအဝေးမှာ ကမ်းခြေမှနယ်စပ်ထိ (၇၂)ကီလိုမိီတာရှိသည်။
ကမ်းလွန် ZPQ ဖြစ်သည့် ဇောတိကလူနေထိုင်နိုင်သော ထုတ်လုပ်ရေးစင်သို့ WP1 မှ WP7 ထိရှိသည့် သဘာဝဓာတ်ငွေ့ တူးဖော်ရာ ရေအောက်ပိုက်များမှရရှိသော ဓာတ်ငွေ့များကို ကမ်းခြေမော်ဂျီးကျေးရွာအနီးရှိ ZBV1 သို့ ကမ်းခြေ (၂၃၅)ကီလိုမီတာ အကွာအဝေးသို့ ပို့လွှတ်ခြင်းဖြစ်သည်။
PTTEP အနေဖြင့် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတွင်ရှိသော စီမံကိန်းများအတွက် ရေနံစူးစမ်းလေ့လာရှာဖွေသည့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ (၁၉၁)သန်း (မြန်မာကျပ်ငွေ ၂၉၃၇၅၈ သန်း)ကို ခွဲဝေသုံးစွဲမည်ဖြစ်ပြီး (၂၀၁၉-၂၀၂၃) (၅)နှစ်တာ လုပ်ငန်းလည်ပတ်မှုဘတ်ဂျက် အမေရိကန်ဒေါ်လာ (၁၆၁၀၅)သန်း (မြန်မာ ကျပ်ငွေ ၂၄၇၆၉၄၉၀ သန်း)ကို အသေးစိတ် ခွဲဝေထားပြီးလည်းဖြစ်ကြောင်း PTTEP Company Limited ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့ဒီကနေ MOGE ကိုမပို့ခင်မှာ Pressure တွေကို Control လုပ်ပြီး ဓာတ်ငွေ့အရည်အသွေးကို ထိန်းညှိပြီးတော့ MOGE ကို Supply ပေးတယ်။ MOGE ကို ပျမ်းမျှကုဗပေ သန်း(၇၀)ကနေ (၈၀)ကြားကို နေ့စဉ်ပေးနေပါတယ်။ MOGE မှတစ်ဆင့် ရန်ကုန်၊ ထားဝယ်၊ သထုံမှာရှိတဲ့ ဓာတ်ငွေ့တာဘိုင်နဲ့ အင်ဂျင်တွေလည်ပတ်ဖို့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ဒီကနေ ဓာတ်ငွေ့ပို့လွှတ်ပါတယ်။ PTT အတွက် ပျမ်းမျှကုဗသန်း(၂၄၅)ခန့် နေ့စဉ်ပို့လွှတ်နေပါတယ်။ ဒါက ZOC နဲ့ ZMS မှာ နေ့စဉ်ပို့လွှတ်နေတဲ့ အပိုင်းပါ”ဟု ကန်ပေါက် ဇောတိကသဘာဝဓာတ်ငွေ့ ပို့လွှတ်ရာစခန်းမှ အော်ပရေတာဖြစ်သူ ဦးပြည့်မောင်မောင်က ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ စွမ်းအင်လုံလောက်စွာ ရရှိရန်သာမက လူနေထိုင်မှုနှင့် စီးပွားရေး၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝန်းများ တစ်ပြေးညီတိုးတက်စေရန် အကောင်အထည်ဖော်ရာတွင် PTTEP International Limited မှ ရေဖြူမြို့နယ် ကန်ပေါက်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၂၉)ရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါနေရာတွင် ပြင်သစ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီ(၂)ခုကလည်း သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်လျက်ရှိသည်။
ရေဖြူမြို့နယ်၊ ကန်ပေါက်ကျေးရွာရှိ ဇောတိကသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာစီမံကိန်းမှ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်၊ တာဘိုင်စက်များလည်ပတ်နိုင်ရန်၊ သဘာဝဓာတ်ငွေ့ကို နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိပြီး ဒေသခံများအပါအဝင် မြန်မာနိုင်ငံသား ဝန်ထမ်းတစ်ရာခန့်နှင့်အတူ ထိုင်းနိုင်ငံသားအချို့နှင့် Zawtika Operation Center (ZOC) စီမံကိန်းတွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းစိုး


