သုံးခွ ၁၀ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာ အဆင့်မြင့်လယ်ယာ ပညာပေးစခန်းတွင် ပဲတီစိမ်းမျိုးစေ့ထုတ် စိုက်ခင်းပြသခြင်းနှင့် ပဲတီစိမ်း GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က တိုင်းအတွင်းသီးနှံများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဆွေဆွေဦးက GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြားပြီး ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များတွင် ဆောင်ရွက်နေသော P4 စီမံကိန်းအကြောင်းများကို P4 ပရော့ဂျက်မန်နေဂျာ ဦးစည်သူထွန်းက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပဲတီစိမ်းပြည်ပသို့ တင်ပို့နေသော ကုမ္ပဏီများက ရှင်းလင်းဆွေးနွေးကြပြီး ပဲတီစိမ်းအဓိကစိုက်ပျိုးသော မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများက GAP စနစ် ဆောင်ရွက်နေမှုများအား တင်ပြကြကာ တက်ရောက်တောင်သူများက သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောခဲ့ကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)


