မယ်စဲ့ ၁၀ ဖေဖော်ဝါရီ
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ဥပဒေမူဘောင်နှင့်အညီ ဖော်ဆောင်ပေးနိုင်ရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အစိုးရ၊ လွှတ်တော်နှင့် ပြည်သူ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲကို ယမန်နေ့က မယ်စဲ့မြို့နယ်၊ လမ်းဆုံကျေးရွာခန်းမဆောင်နှင့် မယ်စဲ့မြို့၊ မြို့နယ်ခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစွန်အဖျားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ကျေးရွာအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို တင်ပြစေလိုကြောင်း၊ ပြောင်းလဲမှု၏နောက်ကွယ်တွင် နောင်လာနောက်သားများ အနာဂတ်ဘဝ တိုးတက်မြင့်မားစေရေးအတွက် ခိုင်မာမှန်ကန်သော အခြေခံအုတ်မြစ်ကို ချပေးရမည်ဖြစ်ကြောင်းနှင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လမ်းဆုံကျေးရွာမှ ဒေသခံပြည်သူများက လိုအပ်ချက်များကိုတင်ပြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် အ.မ.က(လမ်းဆုံ) ကျောင်းအတွက် လိုအပ်သော လက်တော့ပ်နှင့် ပရင်တာတစ်စုံဝယ်ယူရန် ငွေကျပ် ၉၅၀ဝ၀ဝ နှင့် ဘုရားကျောင်း ခြံစည်းရိုး ကာရံရန်အတွက် ငွေကျပ် ၁၀ သိန်းကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် လမ်းဆုံကျေးရွာနှင့် လယ်တောကျေးရွာတို့မှ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၁ ဦးအား လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြုကန်တော့ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဒီမိုကရေစီခေတ်တွင် တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်၍မရပါကြောင်း၊ ပြည်သူ၊ အစိုးရ၊ လွှတ်တော်ပူးပေါင်းဆောင်ရွက်မှသာ ရလဒ်ကောင်းရမည်ဖြစ်ကြောင်း၊ မယ်စဲ့ကုန်သွယ်ရေးစခန်းအား Internal Border Check Point ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန်အတွက် ပြည်သူများနှင့် ဌာနများဝန်းရံပေးဖို့ လိုအပ်ကြောင်း၊ ရေရှည်အကျိုးအတွက် မှန်ကန်တဲ့အရွေ့၊ မှန်ကန်တဲ့လမ်းကြောင်းအတွက် ပူးပေါင်းဖော်ဆောင်မှု အားကောင်းကောင်းဖြင့် ဆောင်ရွက်ပါက ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသောပြည်သူများက လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က မြို့လယ်ဓမ္မာရုံပြုပြင်ရန်အတွက် အလှူငွေကျပ် (၇)သိန်း၊ ဟိုစဲ့ကက်သလစ်ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရန် အလှူငွေကျပ် (၁၀)သိန်းနှင့် မုဒ်ဦးပြုလုပ်ရန် အလှူငွေကျပ် (၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


