လားရှိုး ၁၀ ဖေဖော်ဝါရီ
လားရှိုးမြို့၌ ပထမအကြိမ် လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့ ၆ နာရီခွဲက မြို့တော်ခန်းမရှေ့မှ စတင်တာလွှတ်ခဲ့ကြောင်း သိရသည်။
လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို လားရှိုးမြို့တော်ခန်းမရှေ့မှတစ်ဆင့် လေယာဉ်ကွင်းလမ်းတစ်လျှောက် စီးနင်းကာ လားရှိုးကြီးလမ်းဆုံပွိုင့်မှ ထောင်ကြီးရှေ့ ရေပူစမ်းသွားရာ လမ်းမှတစ်ဆင့် ဟတ်ကာရွာ၊ မန်နားကျေးရွာ၊ ဟူးမွန်ဆည်ဘက်သို့ စီးနင်းကြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မန်ဆူရှမ်းကျောင်းဘေး အဝေရာလမ်းမကြီးအတိုင်း စီးနင်းကာ ဦးဂိုအင်ဂါ တရားရိပ်သာလမ်းဘေးရှိ သာသနာ ၂၅၀ဝ ဘုရားကုန်းပေးတွင် ပန်းဝင်ကြမည် ဖြစ်သည်။
အဆိုပါ လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲသည် ခရီးမိုင်အားဖြင့် ၂၁ ကီလိုမီတာရှိကာ မြန်မာနိုင်ငံ အနှံ့အပြားမှ စက်ဘီးဝါသနာရှင်များ ပါဝင်ဆင်နွှဲကြသည်။ ပြိုင်ပွဲတွင် အလွတ်တန်းအဖွဲ၊့ အသက် ၂၅ နှစ်အောက်အဖွဲ့၊ အသက် ၂၅ နှစ်မှ ၄၀ နှစ်အောက်အဖွဲ့နှင့် အသက် ၄၀ နှင့်အထက် ဟူ၍လည်း အတန်း(၄)တန်း ခွဲခြားထားသည်။
ပြိုင်ပွဲတွင် စက်ဘီးအားကစားသမား ၂၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တိယ၊ အထူးဆုများအပြင် ပန်းဝင်သူများအားလုံးကို ဆုများချီးမြှင့်မည်ဖြစ်ကာ ပြိုင်ပွဲဝင် အားကစားသမားများ၏ ဝတ်စုံများကို မြန်မာရတနာ ရွှေခေတ်ကုမ္မဏီ၊ သမာဓိရွှေဆိုင်တို့မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် Lashio Cyclist Network တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(ခရိုင်ပြန်/ဆက်)


