မန္တလေး ၁၀ ဖေဖော်ဝါရီ

 

မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်း (BTN) နှင့် အ.ထ.က (၁၅) ကျောင်းသားကျောင်းသူ ဟောင်းများ၏ (၁၄)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၀) ရက် နံနက် (၉) နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.က (၁၅) ကျောင်းခန်းမတွင် ကျင်းပသည်။ 

 

ရှေးဦးစွာ (၁၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ထူးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ထားမှုများ ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗုဒ္ဓသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်း (BTN) နှင့် အ.ထ.က (၁၅) ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား  ကန်တော့၍ ကန်တော့ပစ္စည်းများနှင့် ပူဇော်ငွေများကို ပေးအပ်သည်။ သီးခြားကန်တော့သည့် အစီအစဉ်ဖြင့် အသက် (၉၀) ပြည့်နှစ်ရှိ ဆရာကြီး ဦးလှကံအား ကန်တော့သည်။

 

ဆက်လက်၍ BTN ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်ခင်စောက သြဝါဒစကား ချီးမြှင့်ပြီး အ.ထ.က (၁၅) ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်ခင်ခင်မှ သြဝါဒစကား ချီးမြှင့်သည်။ ထို့နောက် ကျန်းမာရေး စောင့်ရှောက်မှု ငွေပဒေသာပင် ဂုဏ်ပြုလွှာ ပေးအပ်ပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအတွက် (ဗလာမပါ) အမှတ်တရ ကံစမ်းမဲများ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကျောင်းစာရေးကြီး ဦးစိုးနှင့် ကျောင်းလုံခြုံရေး ဦးတင်ဝင်းတို့အား ကျောင်းသားကျောင်းသူများမှ အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများမှာ (BTN) နှင့် အ.ထ.က (၁၅) စုစုပေါင်း ကန်တော့ခံ (၆၈) ယောက်ရှိသည်ဟု သိရှိရသည်။

 

အခမ်းအနားပြီးတွင် တက်ရောက်လာသူများအား နေ့လယ်စာဖြင့် ဧည့်ခံသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း (ပညာရေး)

 

n