တံတား ၁၀ ဖေဖော်ဝါရီ
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်း (အခြေခံသံဂဟေဆက်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို တံတားမြို့ အမှတ် (၁)ရပ်ကွက်၊ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ စက်မှုနှင့် အသက်မွေးပညာရပ်များကို ဒေသများအရောက် လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောကြား၍ တံတားမြို့ မြို့အုပ်ချုပ်ရေး ဦးကျော်မင်းထွန်းနှင့် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ကျောင်းအုပ်ကြီး ဦးဘုန်းကျော်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲကို တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သင်ယူမှုဘာသာရပ် အထောက်အကူပြု လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့််ရှုခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၅၀ ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုကြီးတင် (တံတား)


