ဟင်္သာတ ၁၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ဟင်္သာရင်ခွင် ခေတ်မီအားကစားကွင်း၌ မီးအလုံးပေါင်း သန်း (၁၀ဝ)ဖြင့် ဖန်တီးပုံဖော်ထားသည့် LED မီးအလှပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီက စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
အများပြည်သူ အပန်းဖြေလေ့လာနိုင်သကဲ့သို့ မိတ်ဆွေ၊ အပေါင်းအသင်း၊ ချစ်ခင်သူများအတွက် အမှတ်တရအလှ ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ထားရှိပြီး LED မီးအလှရောင်စုံများဖြင့် အနုပညာမြောက်စွာ ဖန်တီးပုံဖော်ထားသည့် အလှအပများကို ကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်း အားကစားကွင်း တည်ထောင်သူ ဦးစိုးအောင်က ပြောသည်။
အဆိုပါ LED မီးအလှပွဲတော်တွင် ဂီတဖျော်ဖြေပွဲ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှု၊ အငြိမ့်သဘင် တင်ဆက်မှုများအပြင် နိုင်ငံတကာ အစားအသောက်များရောင်းချသည့် ညဈေးပွဲတော်များ ပါဝင်ပြီး ပွဲတော်ဝင်ကြေးအဖြစ် လူကြီး ၂၀ဝ၀ ကျပ်၊ ကလေး ၁၀ဝ၀ ကျပ်နှင့် ရဟန်းသံဃာ၊ သီလရှင်များနှင့် မသန်စွမ်းသူများကို အခမဲ့ ကြည့်ရှုခွင့်ပေးထားကာ ပွဲတော်ကာလမှာ ဖေဖော်ဝါရီ ၂၈ ရက်အထိဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


