ငဖဲ ၁၀ ဖေဖော်ဝါရီ
စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပင်ဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဆွေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က ယခုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးအတွက် သင်တန်းမှ သင်ကြားပို့ချပေးသော အခြေခံ လျှပ်စစ်နည်းပညာများကို ဂရုတစိုက် လေ့လာသင်ယူသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)မှ ကျောင်းအုပ်ကြီး ဦးရဲထွဋ်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာများမှ သင်တန်းသား/သူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ၅ ဦးက အခြေခံ လျှပ်စစ်နည်းပညာ (သွယ်တန်းခြင်း၊ တပ်ဆင်ခြင်း)များကို သင်ထောက်ကူ ပစ္စည်းများဖြင့် စာတွေ့၊ လက်တွေ့ (၁၂)ရက်ကြာ သင်ကြားပြသ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြေခံ လျှပ်စစ်နည်းပညာများကို သိရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


