မုံရွာ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်း/ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ နာဂရိုးရာယဉ်ကျေးမှုပြတိုက်တွင် ကျင်းပသော ဒေသနှင့် လဟယ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေး၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားများ၏ လူမူစီးပွားဘဝ ပြည့်စုံကောင်းမွန်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များအား အသီးသီးပေးအပ်ကြပြီး ဒေသခံပြည်သူများကိုယ်စား ဦးဘာမာန်ဟွန်းရှောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သန်းပေါင်း (၂၈၇၈ ဒသမ ၅၉၅)အား လဟယ်၊ နန်းယွန်း၊ လေရှီး မြို့နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များအား ထုတ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လဟယ်မြို့နယ်၊ အံ့ပေါ်ကျေးရွာသို့ ရောက်ရှိရာ ထေရဝါဒသာသနာပြုကျောင်း ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေကျပ် ၅ သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် အံ့ပေါ်၊ တိုက်ရန်နှင့် လောင်ကျန်းနောက်ကုန်း ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားများက မိမိတို့ကျေးရွာများအလိုက် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများအား ဆန်၊ အာလူး၊ ကြက်သွန်နှင့်ဆားများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အံ့ပေါ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အံ့ပေါ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးနှင့်ကျန်းမာရေး ဆိုင်ရာများကို မှာကြားခဲ့ပြီး အံ့ပေါ်၊ တိုက်ရန်နှင့် လောင်ကျန်းနောက်ကုန်း ကျေးရွာများရှိ အခြေခံပညာ ကျောင်းများအတွက် ကျောင်းအုပ်ကြီးများထံ ငွေကျပ် ၅ သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


