မန္တလေး ၁၀ ဖေဖော်ဝါရီ
မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော (ကချင်၊ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအာင်း၊နာဂ၊ ပအိုင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား၊ဓနု၊ ယော၊ လီဆူ) အစရှိသော တိုင်းရင်းသားလူမျိုးစုများ၏ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆဋ္ဌမအကြိမ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၀ ရက် မှ ၁၂ ရက် နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါ တိုင်းရင်းသားလူမျိုးစု(၁၈)မျိုး၏ ဒေသထွက်ကုန်များ၊ရိုးရာအစား အစာများ တစ်နေရာတည်းတွင် စုံစုံလင်လင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်တွင် မန္တလေးမြို့ အခြေချတိုင်းရင်းသားလူမျိုးစု (၁၈)မျိုး ပါဝင်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအစားအစာများ၊ အသုံးအဆောင် ပစ္စည်းများ၊ ဒေသထွက် ကုန်ပစ္စည်းများ တစ်နေရာတည်းတွင် စုံစုံလင်လင်ရောင်းချလျက်ရှိကြောင်း၊ မည်သူမဆိုလာရောက် အားပေးနိုင်ကြောင်း၊ ညပိုင်းများတွင် တိုင်းရင်းသားများ ၏ ရိုးရာယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲများ ကျင်းပ သွားမည် ဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း မန္တလေးမြို့အခြေစိုက် တိုင်းရင်းသား လူမျိုးစုများအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဆိုင်မိုင်း က ပြောကြားသည်။
တိုင်းရင်းသားတွေရဲ့အသုံးအဆောင် ပစ္စည်းများ၊ ဒေသ ထွက်ကုန်ပစ္စည်းတွေ တစ်နေရာတည်းမှာ စုံစုံလင်လင်ရောင်းချနေတာတွေ့ရတာ အရမ်းကောင်းပါတယ်၊လေ့လာလို့လည်းရတယ်၊ဝယ်ယူအားပေးရတာလည်း အဆင်ပြေတယ်၊ ကျွန်မကတော့ ချင်းရိုးရာ လည်ဆွဲ၊လက်ကောက် ဆံထိုးနှင့်ရှမ်းရိုးရာအလှဆင်ခါးပတ်တို့ ဝယ်ယူခဲ့ပါတယ်၊ တိုင်းရင်းသားလူမျိုးများရဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများ တော်တော် များများ စုံလင်စွာ တွေ့ရကြောင်း၊ ရိုးရာအစားအစာများ ကိုလည်းဝယ်ယူအားပေးခဲ့ကြောင်း၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက်မှ လာရောက်ဝယ်ယူသူ တစ်ဦး က ပြောကြားသည်။
အဆိုပါ တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလေးမြို့၊မန္တလာသီရိအဆင့်မြင့်အားကစားကွင်း တွင် ဖေဖော်ဝါရီ ၁၀ ရက် မှ ၁၂ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ မန္တလေးမြို့အခြေစိုက် တိုင်းရင်းသားလူမျိုး(၁၈)မျိုး၏ ဒေသထွက်ကုန်များနှင့် ရိုးရာအစားအစာများ စုံလင်စွာ ရောင်းချလျက်ရှိပြီး မည်သူမဆို လာရောက်လေ့လာအားပေးနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


