ရန်ကုန် ၁၀  ဖေဖော်ဝါရီ 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း က ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်နှင့်စပ်လျဉ်းသည့် အချက်အလက်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက် စကားပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက University Autonomy နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ အသက် ၅ နှစ်အရွယ်ကလေးသည် ၉ သိန်းမှ ၁ သန်းဝန်းကျင်အထိရှိပြီး မူလတန်းပြီးမြောက်သူသည် ၉သိန်း ၆ သောင်းမှ ၉ သိန်း ၈ သောင်းဝန်းကျင်ရှိပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၆၅၀ဝဝဝ ဦးဖြေဆိုကြပြီး အောင်မြင် သူဦးရေ ၁ သိန်းကျော် အောင်မြင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၇၃၀ဝဝဝ ရေဖြေဆိုပြီး ၂ သိန်းကျော် အောင်မြင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၈၃၀ဝဝဝ ဖြေဆိုပြီး ၂၅၀ဝဝဝ အောင်မြင် ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ၈၉၀ဝဝဝ ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၏ ကျောင်းသားဦးရေ ၇၈၉၆၅၀ ရှိပြီး နေ့သင်တန်းတက္ကသိုလ်များသည် ၂၅၀ဝဝဝ သာလက်ခံနိုင်သဖြင့် အ‌ဝေးသင်ကျောင်းသားဦးရေသည် ၅၃၀ဝဝဝ ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တက်နေသည့် ကျောင်းသားဦးရေ ၇၁၈၉၀ ရှိပြီး ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေသည် ၁၇၄၀၆ ဦးရှိသဖြင့် စုစုပေါင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဦးရေသည် ၈၇၉၀၅၁ ဦးရှိပါကြောင်း။

 

ထိုဦးရေမှ ဘွဲ့ရအရေအတွက်ကိုကြည့်ပါက နေ့သင်တန်းမှ ဘွဲ့ရဦးရေသည် ၅၅ဝဝဝ ခန့်ရှိပြီး အ‌ဝေးသင်တက္ကသိုလ်များသည် ဘွဲ့ရဦးရေသည် ၆၀ဝဝဝ ခန့်ရှိပါ ကြောင်း၊ နေ့သင်တန်းတက္ကသိုလ်များ၏ ၂၅၀ဝဝဝ တွင် ၅၀ဝဝဝ ခန့်သာဘွဲ့ ရရှိပြီး ၅၃၀ဝဝဝ တွင် ၆၀ဝဝဝ ခန့်သာ ဘွဲ့ရရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ဘွဲ့ရရှိသည့်ဦးရေအပါအဝင် တစ်နှစ်တွင် ၁၄၀ဝဝဝ ဝန်းကျင်သာရှိပါကြောင်း၊ ဘွဲ့ရဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ကျောင်းသူများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ ကျောင်းသားများဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျား၊ မ အချိုးသည် လည်းအရေးကြီးပါကြောင်း၊ ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့ရလူငယ် မောင်မယ်များမွေးထုတ်ပေးနိုင်ရန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြင်ပပုဂ္ဂလိကများမှ သိရှိနိုင်ရန်အတွက် မိမိတို့ တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး ဆရာ ဆရာမများ၏ ဓာတ်ပုံများနှင့် ဌာနအလိုက်၊ Research Group အလိုက်ဖော်ပြပြီး Teaching Experience, Research Publication များထည့်မှသာ သတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင်ရာ၌ တစ်သက်တာ သင်ယူ လေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အသုံးပြု၍ ကျောင်းသား ကျောင်းသူများအား High-tech learning ဖြင့် သင်ကြားနိုင်ရန်အတွက် သုတေသနကိုယ်တိုင် ဆောင် ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများက စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြားပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning) အသုံးပြုခြင်းဖြင့် Real World Application များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် အထောက်အကူပြု အသုံးချနိုင်မည်ဖြစ်ကြောင်း။

 

တက္ကသိုလ် world ranking အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန် သည့် world ranking တွင် YTU သည် ကမ္ဘာ့အဆင့် ၁၈၃၉၀ အာဆီယံအဆင့် ၁၂၄၂ ရှိပြီး ယခင်နှစ်ထက် ၁၆၂ ဆင့်တက်လာပြီး မြန်မာနိုင်ငံမှတက္ကသိုလ် များသည် ကမ္ဘာ့အဆင့်တိုးတက်လာသော်လည်း အာဆီယံတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် ကြိုးပမ်းအားထုတ်ရန်လိုအပ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည် အသွေးရှိသော ဘွဲ့ရလူငယ်များကို ဆက်လက်ပြုစုပျိုးထောင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမ များနှင့် ဝန်ထမ်းများက တင်ပြဆွေးနွေးသည့် တက္ကသိုလ်ပဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ နိုင်ငံနှင့်ဒေသ၏လိုအပ်ချက်များ လိုက်လျောညီထွေရှိသော သင်ကြား ရေးအစီအစဉ်များတိုးချဲ့ဆောင်ရွက်ရေး၊ သုတေသနဆိုင်ရာ ကျင့်ဝတ်စောင့်ထိန်း ရေး၊ ရာထူးတိုးပြောင်းနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်များသို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

0.0