နေပြည်တော် ၁၀ ဖေဖော်ဝါရီ 

 

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ လွယ်ကူအဆင်ပြေစွာ ဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ဗီဇာဖြေ လျော့မှုများကို ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထပ်မံ၍ အနောက်နိုင်ငံများမှ ခရီးသွားများအတွက် သင့်လျော်သည့် နိုင်ငံများကိုရွေးချယ်၍ ဗီဇာဖြေလျော့ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက် ရေးအတွက် နိုင်ငံအလိုက်၊ နယ်မြေအလိုက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ပေးထားပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရန်ပုံငွေများကို နိုင်ငံတော်မှခွင့်ပြုပေးထားကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအစီအစဉ်များကို စနစ်တကျအောင် မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများအတိုင်း သုံးစွဲဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ - ဂျပန်၊ ကိုရီးယား၊ အာဆီယံ၊ ဥရောပ၊ တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ၊ ပြည်တွင်းခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်း အဖွဲ့၊ Digital Marketing အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့တို့မှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ညှိနှိုင်းပေးသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ Luxemburg Development အဖွဲ့အစည်းတို့ပူးပေါင်း၍ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေသည့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း၌ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

 

(သတင်းစဉ်)

 

IMG_20190