နေပြည်တော် ၁၀ ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့်အတူ အမ်းမြို့၊ ရွှေအမ်းတောင် ခန်းမ၌ ကျင်းပသော ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများကို လူ့ဘဝစက်ဝန်းအစမှစ၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းမဟာဗျူဟာရေးဆွဲ၍ ရှေးဦးအရွယ်ကလေးငယ်များအတွက် မိခင်ဝိုင်းများ၊ နေ့ကလေးထိန်းကျောင်းများနှင့်မူလတန်းကြို ကျောင်းများတွင် စနစ်တကျ ပြုစု လေ့ကျင့်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများ ဖေါ်ဆောင်ပြီးဖြစ်၍ ကနဦးထောက်ပံ့မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ ရာတွင် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ထံသို့ အလေအလွင့်မရှိအောင် စနစ်တကျ ပြန်လည်ပေးအပ်နေခြင်းဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက်ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်ခြင်း၊ ဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် မူလအခြေအနေထက်ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင် ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးပါသောကြောင့် တည်ငြိမ်အေးချမ်းမှုရရှိရန် ဒေသခံပြည်သူများ၊ အစိုးရနှင့်လူမှုအဖွဲ့အစည်းများအားလုံး စည်းလုံးညီညွှတ်စွာပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၇,၃၅၀,ဝ၀ဝ) ၊  အနောက်ပိုင်း(တိုင်းရုံး) ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းနှင့်တပ်တောင်စံပြ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများအတွက် ထောက်ပံ့ ငွေကျပ်(၁,၄၀ဝ,ဝ၀ဝ)၊ အနှိုင်းမဲ့ကရုဏာရှင် လူမှုကူညီရေးအသင်း၊ မေတ္တာအေးရိပ် နာရေး ကူညီရေးအသင်း၊ မြတ်ဒါနသွေးလှူရှင်အသင်း၊ မြင့်မြတ်သောနှလုံးသားသာရေးနာရေးအသင်း၊ အမ်းမြို့နယ် အငြိမ်းစားများလူမှုကူညီရေးအသင်း၊ ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၊ လူမှုဘက်စုံဖွံ့ဖြိုးရေးအသင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတအသင်းနှင့် အနန္တမေတ္တာ လူငယ်များ ပရဟိတအသင်းများအတွက် တစ်သင်းလျှင်ထောက်ပံ့ငွေကျပ် (၃၀ဝ,ဝ၀ဝ)နှင့် မိခင်ဝိုင်း(၃)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၈၁၈,၁၀ဝ) တို့ကိုအသီးသီး ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

ယနေ့အမ်းမြို့အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မိခင်ဝိုင်းများနှင့်ပရဟိတ ဂေဟာများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၃,၂၆၈,၁၀ဝ) ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)