နေပြည်တော် ၁၀ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကလေးဝမြို့ရှိ အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်ရရှိမှုနှင့် ပတ်သက်နေသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခင်က ကလေးဝမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် အနီးရှိပတ်ဝန်းကျင် ကျေးရွာ (၂) ရွာရှိ အိမ်ထောင်စု (၁,၇၆၁) စုကိုသာ (၈၀ဝ) ကေဗွီအေ မီးစက် (၁) လုံး ၊ (၃၄၀) ကေဗွီအေ မီးစက် (၁) လုံးတို့ဖြင့် တစ်နေ့လျှင် (၄)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း၊ ရာဇဂြိုလ်ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံမှထွက်ရှိ လာမည့် ဓာတ်အားများကို ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံတွင် ရောက်ရှိနေပြီး ဖြစ်သည့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ကလေးဝမြို့ကို ဆက်လက် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် ၆၆ ကေဗွီ ရာဇဂြိုလ် - ကလေး - ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ကလေးဝမြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာဇဂြိုလ်-ကလေးအပိုင်း (၂၄ ဒသမ ၄) မိုင်ကို ၂၀၁၈ ခုနှစ် ဇွန် ၇ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံနှင့် ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံကို ချိတ်ဆက် နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေး - ကလေးဝအပိုင်း(၂၄ ဒသမ ၅၆) မိုင် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ကလေးဝဓာတ်အား ခွဲရုံသို့ ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်သည့်အတွက် ကလေးဝမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များသည် (၂၄)နာရီ ဓာတ်အားရယူသုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ အဆိုပါ ၆၆ ကေဗွီ ရာဇဂြိုလ် - ကလေး - ကလေးဝဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း (၉,၉၁၄) ကျော် အကုန်အကျခံတည်ဆောက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အတွင်း ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် Residential (၃၈ ဒသမ ၃၇) မဂ္ဂါဝပ်၊ Industrial (၅၂ ဒသမ ၃၃) မဂ္ဂါဝပ်၊ စုစုပေါင်း (၉၀ ဒသမ ၇) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential (၈၄ ဒသမ ၉၈) မဂ္ဂါဝပ်၊ Industrial (၁၂၃ ဒသမ ၈၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၂၀၈ ဒသမ ၈) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက်ရှိသော ကြောင့် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန် ခွန်စိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ကလေးဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်နှင့် ကလေးဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကလေးဝမြို့အား နိုင်ငံတော်ဓာတ်အား စနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများမှ မီးလင်း အောင်ပွဲ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေးများ ကျင်းပခြင်းဖြင့် ဝမ်းသာပျော်ရွှင်ကြည်နူးလျက်ရှိကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


