နေပြည်တော် နိုဝင်ဘာ ၈

 

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊  ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးသို့ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် (Eminent Person) အဖြစ် ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  တက်ရောက်သည်။

 

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြမည့် အဓိက သွင်ပြင်လက္ခဏာများကိစ္စ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ တာဝန်ပေးအပ်ချက်အရ (၃၁)ကြိမ်မြောက် အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ အစည်းအဝေး၏ အတည်ပြုချက်ရယူပြီး အကြိမ်(၄၀)မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အာဆီယံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏ ထိရောက်မှုစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ အကြံပြုချက်(မူကြမ်း)များကိစ္စ၊ ဒေသတွင်းရှိသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ နည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေး အစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက် တိုးတက်မှုအစီရင်ခံစာ (မူကြမ်း)ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို ၂၀၂၁ခုနှစ် အောက်တိုဘာ (၂၆) ရက်တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ကြသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

(သတင်းစဉ်)