(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာကယားပြည်နယ်တွင်နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့် ညအပူချိန်များမှာဟားခါးမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့နှင့် တီးတိန်မြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့၊ လွိုင်လင်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ သီရိလင်္ကာကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုးအားကောင်းလာကာ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောသီရိလင်္ကာနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well MarkedLow Pressure Area)အဖြစ်သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် နောက်(၂၄)နာရီအတွင်းအနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး-ပူဒူချယ်ရီကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Credit>မိုး/ဇလ


