၁၁ ဖေဖော်ဝါရီ
သာစွလေ၊ နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်ကမ်း လျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊ ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ ... ။
(ဟံသာဝတီရောက်မင်း .. ဆို)
နှာရည်ယိုရွဲ တပို့တွဲ
တပို့တွဲတဲ့။ ငယ်ငယ်ကတော့ နှာရည်ယိုရွဲတပို့တွဲဟု အော်ဟစ်သီဆိုခဲ့ရ၏။ ကျောင်းရောက်တော့ ‘ထ’ ထမနဲ၊ တပို့တွဲဟု သင်အံခဲ့ရသေးသည်။ ဟုတ်သည်။ တပို့တွဲလကအေးမြနေသည်။ နှင်းတို့တဖွဲဖွဲကျ၏။ မနက်စောစော ဖလန်နယ်အနွေးထည် အထပ်ထပ်ဝတ်ပြီး လက်ကလေးနှစ်ဖက်ပိုက်၍ တုန်ခိုက်ကာချမ်းလိုက်တာဟုပြောလျှင် ဦးကြီးက ချမ်းတာမဟုတ်ဘူး၊ အေးတာကွဟုဆိုလျှင် ဦးကြီးနှယ် ကတ်သီးကတ်သတ်နိုင်ရန်ကော ချမ်းတာနဲ့အေးတာ အတူတူပဲမဟုတ်ဘူးလားဟု စောဒကတက်မိသည်။ အခုမှပဲ ချမ်းတာနှင့်အေးတာကွဲပြားသည်ကို သိရတော့၏။ ချမ်းတာကကိုယ်ရေးကိုယ်တာ၊ အေးတာက ဥတုရာသီဆိုင်ရာ ။ သည်လိုပဲအကြမ်း သဘောမှတ်ထားပါ၏။
သစ်သားယောက်မကြီးတွေ
မည်သို့ဆိုစေ ... တပို့တွဲလက အေးမြလှချည့်။ ထို့ကြောင့် ခိုက်ခိုက်တုန်မျှ ချမ်းသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲဟူသော ဆောင်းရာသီ၏ ဇာတ်လိုက်သုံးလထဲတွင် တပို့တွဲကိုဖြင့် စွဲမြဲမှတ်ထင် သတိရနေသည်။ သို့မဟုတ် လွမ်းဆွတ်နေသည်။ တပို့တွဲလပြည့်နားနီးလျှင် အမေက ကောက်ညှင်းဆန် သန့်သန့်လေးကို ပြည်ခြင်ဖြင့် သေချာဝယ်ထားသည်။ ထို့နောက်နယ်ရှိ ရွာဆွေရွာမျိုးတွေကပေးသော မြေပဲဆန်တွေ၊ နှမ်းတွေကို ရွေးတန်ရွေး၊ ပြာတန်ပြာ၊ နေပြတန်ပြထားသည်။ အုန်းသီးကိုတော့ ဘုန်းကြီးကျောင်းက စွန့်ထားလို့ ရေအိုးစင်ဘေးမှာအဆင်သင့်ရှိနေ၏။ “ဟဲ့ ... နင်အားရင် အုန်းသီးလေးအခွံနွှာပြီးထားလိုက်ဦး” ဟုအမေက ဦးလေးကို လောဆော်နေပြီ။ ဆီကတော့ကိစ္စမရှိ။ နယ်ကပို့လိုက်သော မြေပဲဆုံဆီစစ်စစ်လေးကို ပိဿာဝင်စဉ့်အိုးလေးထဲထည့်ပြီး အဖုံးကို နွားချေးမံ၊ သရွတ်ကျံထား၏။ အဖေကတော့ သင်္ဘောဝါး ကျပ်ခိုးစင်ပေါ် မနှစ်တပို့တွဲကတည်းက သိမ်းဆည်းထားသော သစ်သားယောက်မကြီးတွေကို အောက်ချကာ ဆေးကြောသန့်စင်နေပြီ။ “ညနေစောင်းရင် နင့်မောင်တေ အပြင်မထွက်ခင် ဓမ္မာရုံက မိုးဗြဲဒယ်ကြီး သွားသယ်ခိုင်းထားဦး” ဟုလည်း အမေ့ကို မှာနေ၏။
ယောကျာ်းဘသား ကြိတ်လိုက်စမ်း
တပို့တွဲလဆန်း ၁၄ ရက်၊ အဖိတ်နေ့ရောက်တော့ အိမ်ရှေ့ကွက်လပ်တလင်းမှာ မီးဖိုကျင်းတူးပြီး အုတ်ခဲတွေဖြင့် ဖိုခနောက်ဆိုင်သည်။ အစ်မတွေက အုန်းသီး ခြစ်၏။ ချင်းထောင်း၏။ ဦးလေးတွေက မီးမွှေးပြီ။ အမေက ကောက်ညှင်းဆန်၊ မြေပဲဆန်နှင့် နှမ်းတွေကိုဇလုံတွေထဲထည့်ပြီး အသင့်ပြင်ထားပြီ။ ကျွန်တော်ကဖြင့် ထင်းသယ်ရတာဖတ်ဖတ်မော။ အိမ်နီးချင်းတွေကလည်းအဲဒီဒယ်၊ အဲဒီမီးဖိုမှာပဲလာပြီး ထမနဲထိုးကြမည်။ ညနေ နေဝင်ရီကတည်းက ပြင်ဆင်ကာ ထမနဲထိုးကြတာက ညရှစ်နာရီဝန်းကျင် ရေဒီယိုက သတင်းမလာမီမှာပဲ ပြီးစီး၏။ တပို့တွဲ၏ အအေးဓာတ်က ခါးတောင်းမြောင်အောင်ကျိုက်ပြီး သစ်သား ယောက်မကိုယ်စီဖြင့် အားကျိုးခနဲ ‘ယောကျာ်းဘသား ကြိတ်လိုက်စမ်း’ ဟူသော ထမနဲဝိုင်းတော်သားတွေထံမှာ အရှုံးပေးအလံဖြူတင်သွား၏။ ထင်းမီးဖိုကြီးရဲရဲမှာ အဖေလည်းချွေးတလုံးလုံး၊ အမေလည်းချွေးတလုံးလုံး၊ ဦးလေးတွေ၊ အစ်မတွေလည်း ချွေးတလုံးလုံး။ အရာမရောက်သည့် ရှစ်နှစ်သားအရွယ် ကျွန်တော်သည်ပင်ပြေးလွှားရလို့ ချွေးတလုံးလုံး။
ဘုရားဆွမ်းတော်တင်ဖို့
ဒယ်ပေါ်မှချပြီးစ ကောက်ညှင်းရနံ့၊ မြေပဲရနံ့၊ ချင်းရနံ့၊ အုန်းသီးစိတ်ဖွေးဖွေးရနံ့တို့ဖြင့် သင်းမြနေသောထမနဲတွေကို အမေက ဘုရားဆွမ်းတော်တင်ဖို့၊ ဘုန်းကြီးကျောင်းပို့ဖို့၊ ဆွမ်းလောင်းဖို့ အသီးသီးခွဲဝေသည်။ ပြီးတော့ အိမ်နီးချင်းတွေနှင့်လည်း အချင်းချင်းလဲလှယ်ပေးကမ်းဖို့တဲ့။ ပန်းကန်အသီးသီးနှင့်ခွဲသည်။ ကျွန်တော်က အနားမှာထိုင်ပြီး တံတွေးတွေမျိုချနေရ၏။ ထမနဲရနံ့က မွှေးလှချည့်။ အဖေက ယောက်မကြီးတွေမှာ ကပ်နေသော ထမနဲတွေကိုသံယောက်မနှင့် ခြစ်ချပြီး ဇလုံလေးထဲထည့်ကာ ကျွန်တော့်ကိုပေးသည်။ ကျွန်တော်က အမေမသိအောင်ဖွက်ပြီး အိမ်ထောင့်ပိတောက်ပင်အောက်မှာ ပုန်းပြီးစားသည်။ အကြောင်းသိသော အစ်မက လိုက်လာကာ ဟိတ် ... ငါ့ဖို့ချန်ဦးတဲ့။ နောက်ရက်တွေမှာဖြင့် ထမင်းပင် မစားဖြစ်တော့။ အိမ်မှာထမနဲတွေ အလျှံပယ်။ အမေက နောက်ရက်တွေအတွက် ထမနဲတွေကို ကျွတ်နေအောင် ကြော်ပေးပြန်သေးသည်။ တပို့တွဲတစ်လလုံး ထမနဲချည်းပဲလေ။
စည်းလုံးညီညွတ်ခြင်းရဲ့ ပြယုဂ်အသက်ကြီးလာလို့ စာတွေပေတွေထဲ ဖတ်ရတာကတော့ ထမနဲကစည်းလုံးညီညွတ်ခြင်းရဲ့ ပြယုဂ်တဲ့။ ကောက်ညှင်း၊ ဆီ၊ မြေပဲ၊ နှမ်း၊ ချင်း၊ ဆား၊ အုန်းသီး ကအစ သူ့အရသာ၊ သူ့ကောင်းကွက်၊ အသုံးကျမှုတွေရှိပြီးသားတဲ့။ ကောက်ညှင်းက ဟိုးတောင်ပေါ်ဒေသက၊ ဆီကမြေပြန့်မြေလတ်၊ ဆားက မြစ်ဝကျွန်းပေါ်က၊ အုန်းသီးကလည်း ကမ်းခြေကမ်းစပ်ကတဲ့။ အဲလို မြန်မာ တစ်ပြည်လုံးနေရာအနှံ့ကနေ စုစည်းညီညွတ်ပြီး တလုံးတစည်းထဲ ပေါင်းစည်းမိတဲ့ ထမနဲတဲ့။ ညီညွတ်အေးချမ်း မျှတခြင်းရဲ့ လက္ခဏာတဲ့။
ဆူးငှက်


