နေပြည်တော် နိုဝင်ဘာ ၁၄

စိုက်ပျိုးရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ပိုမိုအားကောင်းစွာ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘက်စုံစီပွားရေးစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်တွင် တန်(၆၀)ကျ ဆန် ကြိတ် ခွဲစက် တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသတွင်းစားနပ် ရိက္ခာများ ဖူလုံမှုရှိစေရေးအပြင် ထွက်ရှိသည့် စပါးများ အလေအလွင့် မရှိစေရေး၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိအောင် ဆောင်ရွက်နိုင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဆန်ကြိတ်စက်ကြီးများ တည်ထောင်ခြင်းဖြင့် ဆန်နှင့် စိုက်ပျိုးရေး ထုတ်ကုန် များကို အရည်အသွေးမီ ထုတ်လုပ်ကြစေလိုကြောင်း၊ သမဝါယမအသင်းများ ဆန်စက် လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဆန်စက်လုပ်ငန်းအတွက် ငွေကြေး အရင်းအနှီးများ လိုအပ်ချက်ပေါ် မူတည်ပြီး အစုရှယ်ယာလုပ်ငန်းအဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် သမဝါယမ ကဏ္ဍအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အောင်သဇင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၊ ဥက္ကဌ ဦးအောင်ဇော်ဦး က မွန်ပြည်နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု၊ သမဝါယမအသင်းများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေး ထုတ်ကုန်များ ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဖြည့်စွက် ဆွေးနွေးအကြံပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အားကစားခန်းမ၌ ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ် အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်  ဘောလီဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးသည်။

ထို့နောက် ပွဲစဉ်အလိုက် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင် ဘောလီဘောအသင်းများကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုတံဆိပ်နှင့် ငွေသားဆုများနှင့်  တံခွန်စိုက် ဒိုင်းဆုတို့ကိုလည်းကောင်း ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်