ရန်ကုန် ဖေဖော်ဝါရီ ၁ဝ
ရန်ကုန်မြို့လယ်တွင် တည်ထားကိုးကွယ်ထားသည့် ဆံတော်ရှင်ဆူးလေ စေတီတော်၏ ထီးတော်အား ရွှေသားအစစ်ထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၂ဝ၂ဝ ပြည့်နှစ်တွင် တင်လှူပူဇော်နိုင်ရန် စီစဉ်ထားကြောင်း ဆူးလေစေတီတော် နာယကအဖွဲ့ဝင် မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးကျော်ခင်မြင့်ထံမှ သိရသည်။
ရွှေပိဿာချိန် ၃၈ ပိဿာဖြင့် ရွှေထီးတော်တင်လှူမည်ဖြစ်ရာ စေတီတော် ကြံ့ခိုင်မှုကို စစ်ဆေးပြီး ကြံ့ခိုင်မှုရှိပါက ရွှေပိသာချိန် ၅ဝ ဖြင့် တင်လှူရန် စီစဉ်ထားကြောင်း သိရသည်။ ယခုအခါ ရွှေထီးတော်နှင့်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အလှူရှင်များထံမှ ရွှေ ၁၅ ပိဿာခန့်ရရှိပြီး ဖြစ်သည်။
သက်တမ်းနှစ်ပေါင်း ၂၃၄ဝ ရှိ ဆူးလေစေတီတော်ကြီး၏ ဘက်စုံပြန်လည် ပြုပြင်မွမ်းမံမှုများကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၃၂) လမ်း အမှတ် (၁၃၇) နေ ဒေါ်ခင်ကြည် စိန်ကြယ်မိသားစု ပုံနှိပ်လုပ်ငန်းက အသက် (၉ဝ) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ရွှေသားထီးတော်နှင့်လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရန် အတွက် အလှူငွေကျပ် ၄၅ သိန်း လာရောက်လှူဒါန်းရာ ဆူးလေစေတီတော် နာယကနှင့်ဂေါပက အဖွဲ့ခေါင်းဆောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အောင်သူရ


