စစ်တွေ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက လှည့်လည်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးနှင့် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းရှေ့ ကမ်းခြေတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၏ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့နောက် ကမ်းနားလမ်းတစ်လျှောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှ စတင်ကာ ကမ်းနားလမ်းတစ်လျှောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလတ်စတိတ်အိတ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်ကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။ ထိုသို့ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ စစ်တွေဟိုတယ်ကမ်းခြေအထိ နေရာ ခြောက်နေရာနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး နေရာတို့တွင် လူဦးရေ ၈၀၀ ကျော်တို့က စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


