နေပြည်တော် ၁၁ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသည့် ထုပ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃) တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲများအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား(၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ နေပြည်တော် စည်ပင်အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုပ်စည်းတိုး(အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ပညာရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား (၁၄)မှတ်၊ (၁၂)မှတ်ဖြင့် အနိုင်ရရှိသွား ကြောင်းသိရသည်။
(သတင်းစဉ်)


