မကွေး ၁၀ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဓာတုလျော့စိုက်ပျိုးရေးနည်းစနစ်များ တောင်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်သည့် ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထွက်ကုန်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက သီးနှံထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဓာတုလျော့(အော်ဂဲနစ်)စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း က သီးနှံအရည်အသွေးကောင်းမွန်သော ဓာတုလျော့(အော်ဂဲနစ်)စိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင်ဖြူမြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးခင်မောင်ဇော် က ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထွက်ကုန်ပြပွဲ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပြပွဲတွင် ပညာပေး ပြသမည့် ဓာတုလျော့ သီးနှံထွက်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စိုက်ပျိုးရေး ပညာရှင်များ၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တောင်သူများက အရည်အသွေးကောင်းမွန်သော ဓာတုလျော့ (အော်ဂဲနစ်) စိုက်ပျိုးနည်း စနစ်များနှင့် စပါးအထွက်တိုး စိုက်ပျိုးနည်းစနစ်များအကြောင်းကို အုပ်စုများခွဲ၍ ဆွေးနွေးကာ တာဝန်ရှိသူများနှင့် အပြန်အလှန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြား ထားသည့် ကုန်သည်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်း ရှင်များနှင့် တောင်သူများက ပညာပေးပြခန်းတွင် ပြသထားရှိသည့် ဓာတုလျော့ (အော်ဂဲနစ်) စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ထားသည့် သီးနှံထွက်ကုန်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဓာတုလျော့ စိုက်ပျိုးနည်းဆိုင်ရာ နံရံကပ်စာစောင်များကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထွက်ကုန်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူး၍ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ဓာတုလျော့ သီးနှံစိုက်ပျိုးနည်းစနစ်များ တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင်လာစေရန်နှင့် စပါးအထွက်တိုးစိုက်ပျိုးခြင်းနှင့် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ခြင်း စီမံကိန်း လုပ်ငန်းတစ်ရပ်အနေဖြင့် စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးခင်မောင်ဇော် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


