စစ်ကိုင်း ၁၁ ဖေဖော်ဝါရီ

 


စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၇)နှစ်ပြည့် အထိမ်းအမှတ်နှင့် ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းအချိန်က အဆိုပါ တက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

 


အခမ်းအနားတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်စကား ပြောကြားကာ မြန်မာသမိုင်းအဖွဲ့သာသနာရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှက ပြတိုက်ဆိုင်ရာနှင့်ပတ်သက်၍ ဟောပြောပြီး သုတေသီ ဦးထွန်းသိန်းက ပြတိုက်ပစ္စည်းလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။

 


ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် တာဝန်ရှိသူများသည် စစ်ကိုင်းတက္ကသိုလ် တည်ထောင်ခြင်း(၇)နှစ်ပြည့် အထိမ်းအမှတ်နှင့် ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတက္ကသိုလ်ပြတိုက်အား လှည်လည်ကြည့်ရှုခဲ့ကာ ဈေးရောင်းပွဲတော်နှင့် ကာယဗလနှင့် ကာယအလှ ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 


စစ်ကိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတက္ကသိုလ်  ပြတိုက် ဖွင့်လှစ်ခြင်း၊ ကာယဗလနှင့် ကာယအလှပြိုင်ပွဲကာယအလှ ပြိုင်ပွဲကျင်းပခြင်း၊ ဘာသာရပ်အလိုက်  ဈေးရောင်း ပွဲတော်ကျင်းပခြင်း စသည့် အခမ်းအနားများ ကျင်းပခဲ့ကြောင်း စစ်ကိုင်းတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းက ပြောသည်။

 


စစ်ကိုင်းတက္ကသိုလ်ပြတိုက် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ''စစ်ကိုင်းတက္ကသိုလ်ကို စတင် တာဝန်ထမ်းဆောင်စဉ် လွန်ခဲ့တဲ့ တစ်နှစ်ကျော်အခါက စစ်ကိုင်းမှာရှိတဲ့ ရှေးဟောင်းအဆောက်အဦနဲ့ သမိုင်းဝင်တဲ့ နေရာတွေကို ဓာတ်ပုံမှတ်တမ်းယူပါတယ်၊ပြတိုက်ထဲမှာ စုံစုံလင်လင်ဖြစ်အောင် သုတေသီ ဦးထွန်းသိန်းကို သွားရောက်တွေ့ဆုံပြီးတော့ ပြတိုက်အတွက် ရှေးဟောင်းပစ္စည်းတွေ လှူဒါန်းပေးဖို့ရာ သွားပြီး အလှူခံခဲ့ပါတယ်၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဒီဘက်ခေတ် ကုန်ဘောင်ခေတ်ထိပေါ့ ခေတ်အသီးသီးမှာရှိတဲ့ ပစ္စည်းတွေကို  စုဆောင်းထားရှိပါတယ်၊ ဘာသာရပ်ပေါင်းစုံအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီးတော့ ဒီပြတိုက်ကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ပညာရှင်တွေ မွေးထုတ်တဲ့နေရာမှာ ပြတိုက်က ကျောင်းသား၊ ကျောင်းသူတွေအတွက် အများကြီး အထောက်အကူပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ် "ဟု စစ်ကိုင်းတက္ကသိုလ်၊ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းက ပြောသည်။

 


စစ်ကိုင်းတက္ကသိုလ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ  ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပြီး တက္ကသိုလ်စတင်ဖွင့်လှစ်ချိန်က စာသင်ဆောင်  တစ်ဆောင်သာ ရှိခဲ့ပြီး ယနေ့ အခါတွင် နိုင်ငံတော်မှ ပံပိုးပေးမှု အားလုံးဝိုင်းကြိုးစားပေးမှုတို့ကြောင့် စာသင်ဆောင် ၁၄ ဆောင်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး အထူးပြု ဘာသာရပ် ၁၁ ခု သင်ကြားပို့ချလျက်ရှိကြောင်း အဆိုပါ တက္ကသိုလ်မှ သိရသည်။

 


ခိုင်ဇေယျ(075)
 

df